Saturday, October 13, 2018

သာမဏေကျော်၊ရဟန်းကျော်၊ သီလရှင်အကျော် စာမေးပွဲအကြောင်း သိကောင်းစရာ

သာမဏေကျော်၊ရဟန်းကျော်၊ သီလရှင်အကျော်
စာမေးပွဲအကြောင်း သိကောင်းစရာ
******************

သာမဏေကျော်အသင်း စတင်ပေါ်ပေါက်လာခြင်း
*********
အမရပူရ(တောင်မြို့)မြို့ ဘာသာဋီကာ ကျမ်းပြုအကျော် မဟာဂန္ဓာရုံ ဆရာတော်အရှင်ဇနကာဘိဝံသ-က စာမေးပွဲ စည်းမျည်း ရေးဆွဲပေးတော်မူပြီး မန္တလေးမြို့ ပရိယတ္တိသာသနဟိတအသင်း ( သကျသီဟအသင်း)က မြန်မာသက္ကရာဇ် ၁၃၁၁-ခုနှစ် ခန့်က စတင်ကျင်းပသည်ဟုသိရသည်။
########

သာမဏေကျော်၊ရဟန်းကျော်၊သီလရှင်အကျော်အသင်းများ
######
မန္တလေးအသင်း ပြီးနောက်ကာလများ၌ ထိုစာမေးပွဲကို ပဲခူး၊ ရန်ကုန်၊ မော်လမြိုင်ကျွန်း၊ မြင်းခြံ၊  တောင်ကြီး၊ ပခုက္ကူ၊ မုံရွာ၊ သထုံ၊ တံတားဦး၊ နေပြည်တော်၊ စစ်တွေ၊ ပြင်ဦးလွင်၊ ကော့ကရိတ်၊ သန်လျှင် စသော မြို့တို့၌ နည်းယူ ကျင်းပလာခဲ့ကြသည်။
######

သာမဏေကျော်၊ရဟန်းကျော်၊သီလရှင်အကျော် စာမေးပွဲပုံစံ
********
သာမဏေကျော်၊ရဟန်းကျော်၊သီလရှင်အကျော် စာမေးပွဲ၌
ပထမဆင့်
ဒုတိယဆင့်
တတိယဆင့်ဟူ၍ သုံးဆင့် ဖြေဆိုရလေသည်။

တစ်ဆင့်ကို တစ်နှစ်ဖြေဆိုရပါသည်၊ အောက်အဆင့်အောင်မှ အထက်အဆင့်ကို ဖြေဆိုခွင့်ရလေသည်။
အဆင့်သုံးဆင့်လုံးအောင်မြင်လျှင် သာသနာလင်္ကာရ သာမဏေကျော်ဘွဲ့ စသည်ဖြင့် အသင်းဆိုင်ရာ ပေးအပ်သောဘွဲ့တံဆိပ်ကို ရရှိကြသည်။

သုံဆင့်လုံးအောင်မြင်သော အရှင်၏ ဘွဲ့အမည်နောက်၌ အောင်ရာအသင်းမှ သာမဏေကျော်  အလင်္ကာရ, အာဇညစသည့် ဘွဲ့ထူးဝိသေသတပ်၍ ဘွဲ့တံဆိပ် ဆက်ကပ်လှူဒါန်းလေ့ရှိသည်။

အသက်အပိုင်းအခြား
*********
ထိုစာမေးပွဲကို အသက်နှစ်ဆယ်အတွင်း ရှင်သာမဏေ(ကိုရင်)များသာ ဝင်ရောက်ဖြေဆိုခွင့် ပြုခဲ့သော်လည်း
ယခုအခါ၌ သာသနာအရှည်ကို မျှော်တွေး ရှုမြင်ကြသော ဆရာတော်များ ဦးဆောင်လျက်ရှိသော အသင်းများ၌ ရဟန်းအကျော်၊ သီလရှင်အကျော်များကိုပါ ဘွဲ့အမည် တစ်မျိုးပေး၍ ဖြေဆိုခွင့်ပြုလာကြသည်။

သာမဏေကျော်၊ရဟန်းအကျော်၊ သိလရှင်အကျော်တို့အတွက် ပြဌာန်း ကျမ်းစာများ
*********
ပထမဆင့်တွင်
(က) ဝိနည်းမဟာဝါ ပါဠိတော်
(ခ) အင်္ဂုတ္တိုရ်ပါဠိတော် (ဧကနိပါတ်မှ တိကနိပါတ်အထိ
(ဂ) ဓမ္မပဒအဋ္ဌကထာ (ယမကဝဂ်နှင့် အပ္ပမာဒဝဂ်အကုန်အထိ)
(ဃ) သဒ္ဒါ-၅-စောင် (သန္ဓိ-နာမ်-ကာရက-အာချာတ်-ကိတ်)
(င) အဘိဓမ္မတ္ထသင်္ဂဟ အောက်သုံးပိုင်း ( စိတ်-စေတသိက်-ပကိဏ်း)တို့ကိုလည်းကောင်း၊

ဒုတိယဆင့်တွင်
(က)စူဠဝါ ပါဠိတော် /ပရိဝါ ပါဠိတော်
(ခ)အင်္ဂုတိ္တုရ်ပါဠိတော် (စတုက္ကနိပါတ်မှ ဆက္ကနိပါတ်အထိ)
(ဂ)ဓမ္မပဒအဋ္ဌကထာ(စိတ္တဝဂ်မှဒဏ္ဍဝဂ်အထိ)
(ဃ) သဒ္ဒါ-၇- စောင်( သန္ဓိ-နာမ်-ကာရက-အာချာတ်-ကိတ်-သမာသ်-တဒ္ဓိတ်)
(င) အဘိဓမ္မတ္ထသင်္ဂဟ ခြောက်ပိုင်း (စိတ်-စေတသိက်-ပကိဏ်း-ဝီထိ-ဝီထိမုတ်-ရုပ်)တို့ကိုလည်းကောင်း

တတိယဆင့်တွင်
(က) ပါရာဇိကဏ်နှင့် ပါစိတ်ပါဠိတော်
(ခ) အင်္ဂုတ္တိုရ်ပါဠိတော်(သတ္တကနိပါတ်မှ နောက်််ဆုံးဧကာဒသကနိပါတ် အကုန်အထိ)
(ဂ) ဓမ္မပဒအဋ္ဌကထာ (ဇရာဝဂ်မှ နောက်ဆုံးဗြာဟ္မဏဝဂ် အထိ
(ဃ) သဒ္ဒါရှစ်စောင်( သန္ဓိ-နာမ်-ကာရက-အာချတ်-ကိတ်-သမာသ်-တဒိ္ဓတ်-ဥဏာဒ်)
(င) အဘိဓမ္မတ္ထသင်္ဂဟ ကိုးပိုင်း( စိတ်-စေတသိက်-ပကိဏ်း-ဝီထိ-ဝီထိ မုတ်-ရုပ်-သမုစ္စည်း-ပစ္စည်း-ကမ္မဋ္ဌာန်း) တို့ကိုလည်းကောင်း ပြဋ္ဌာန်းထားသည်။

ထိုပြဋ္ဌာန်းသော ပါဠိအဋ္ဌကထာတို့ကို အဋ္ဌကထာနည်း၊ ဋီကာနည်းတို့နှင့်အညီ အနက်ပေး၍လည်းကောင်း၊ သဒ္ဒါနည်း၊သင်္ဂဟနည်းတို့ဖြင့် ဝေဘန်၍လည်းကောင်း၊ ပြဋ္ဌာန်းထားသော ပါဠိအဋ္ဌကထာလာ မြန်မာပြန် အဓိပ္ပါယ်တို့ကိုလည်းကောင်း မေးလေ့ရှိသည်။

သာမဏေကျော်၊ ရဟန်းကျော်၊ သီလရှင်အကျော်တို့၏ ဂုဏ်ရည်
********
သာမဏေကျော်၊ ရဟန်းကျော်၊ သီလရှင်အကျော် ဖြစ်ပြီး ပုဂိ္ဂုလ်များသည်

၁။ ပါရာဇိကဏ်ပါဠိတော် စာမျက်နှာ(၃၈၁)
၂။ ပါစိတ်ပါဠိတော် စာမျက်မှာ (၄၇၀)
၃။ မဟာဝါပါဠိတော် စာမျက်နှာ (၅၁၁)
၄။စူဠဝါပါဠိတော် စာမျက်နှာ (၅၀၈)
၅။ ပရိဝါပါဠိတော် စာမျက်နှာ (၃၉၀)

စုစုပေါင်း ဝိနည်းငါးကျမ်း စာမျက်နှာ (၂၂၆၀) တို့ကိုလည်းကောင်း၊
အင်္ဂုတ္တိုရ်ပါဠိတော် ပထမအုပ် စာမျက်နှာ (၅၈၀)
အင်္ဂုတ္တိုရ်ပါဠိတော် ဒုတိယတွဲ စာမျက်နှာ (၅၁၃)
အင်္ဂုတ္တိုရ်ပါဠိတော် တတိယတွဲ စာမျက်နှာ (၅၅၈) စုစုပေါင်း အင်္ဂုတ္တိုရ်(၁၁)ကျမ်း စာမျက်နှာ (၁၆၅၁)တို့ကို လည်းကောင်း၊

ဓမ္မပဒ အဋ္ဌကထာ ပထမအုပ် စာမျက်နှာ(၄၄၇)
ဓမ္မပဒအဋ္ဌကထာ ဒုတိယအုပ် စာမျက်နှာ (၄၅၄) စုစုပေါင်း ဓမ္မပဒအဋ္ဌကထာ (၂၆)ဝဂ် စာမျက်နှာ(၉၀၁) တို့ကိုလည်းကောင်း၊
သဒ္ဒါ(၈)စောင် တို့ကို လည်းကောင်း
သင်္ဂဟ(၉)ပိုင်း တို့ကို လည်းကောင်း၊
ထိုပြဋ္ဌာန်းကျမ်းစာဆိုင်ရာ အဋ္ဌကထာနည်း,ဋီကာနည်းအနက်ပေးနိသျကျမ်း, အဖွင့်ကျမ်းတို့ကိူလည်းကောင်း ဆရာ့ထံမှာ စနစ်တကျ သင်ယူလေ့လာ ပြီးဖြစ်သောကြောင့် နိုင်ငံတော်အစိုးရ၏ အထက်တန်းစာမေးပွဲ ဖြစ်သော ဓမ္မာစရိယစာမေးပွဲ နိကာယ်စာမေးပွဲ တိပိဋကစာမေးပွဲ တို့တွင်လည်း လွယ်ကူစွာ ဖြေဆိုအောင်မြင်လေ့ ရှိကြသည်။

စာချဆရာ ဖြစ်ချိန်၌လည်း စာချကောင်းတစ်ပါး ဖြစ်နိုင်သကဲ့သို့ ဓမ္မကထိကကောင်းတစ်ပါးလည်း ဖြစ်နိုင်ပါသည်။

သာမဏေကျော်ဘွဲ့၊ ရဟန်းကျော်ဘွဲ့၊ သီလရှင်အကျော်ဘွဲ့တို့နှင့် ထိုက်တန်အောင် သာသနာတော်အတွက် လုပ်ဆောင်လျက် ရှိသည်ကိုလည်း တွေ့မြင်ကြရမည်ဖြစ်သည်။

ညီတော်နောင်တောင် ညီမတော် အမတော်များ အားရဝမ်းသာစွာ သာမဏေကျော်ဘွဲ့၊ ရဟန်းကျော်ဘွဲ့၊ သီလရှင်အကျော်ဘွဲ့ထူးကို ပန်းဆင်နိုင်ပါစေခြင်း အကျိုးငှါလည်းကောင်း၊
သာသနာပြု ဒါယိကာဒါယိကာမများ ကြည်ညိုသဒ္ဓါပွားကာ သာသနာတော်ကို ချီးမြောက်ထောက်ပံသောအားဖြင့် သာမဏေကျော်ဘွဲ့၊ ရဟန်းကျော်ဘွဲ့၊ သီလရှင်အကျော်ဘွဲ့ ရရန်အားထုတ်နေကြသည့် အလောင်းအလျာများကို ထောက်ပံ့လှူဒါန်း ကြပါစေခြင်း အကျိုးငှါလည်းကောင်း၊

သာမဏေကျော်အသင်း၊ ရဟန်းကျော်အသင်း၊ သီလရှင်အကျော်အသင်းများ ဆက်လက်တည်တံနိုင်ရန် သာသနာပြု အလှူရှင်များစွာ ပေါ်ပေါက်ကြပါစေခြင်း အကျိူးငှါလည်းကောင်း၊

အသင်းများမှလည်း ပုစ္ဆကအားဘော်အဖြေမှန်အပြင် ဘွဲ့ရပြီဖူးသော အရှင်မြတ်များကိုသာ စာစစ်ပင့်ပိတ်၍ မေးခွန်းအညီ ဖြစ်သင့်သော အဖြေမှန် မှန်သမျှကို အမှတ်ပေးစေ၍ အသင်းသတ်မှတ်ထားသည့် အောင်မှတ်ရက အအောင်ပေးကာ ခေတ်နှင့်အညီ ထိုက်တန်သော  ဆုကြေးငွေများ ချီးမြှင်း အထောက်အပံများ ထောက်ပံ့လျက် ဆက်လက်သာသနာပြုနိုင်ကြပါစေလို့ ဆန္ဒပြု ဆုတောင်းရင် ဤမှာတင် နိဂုံချုပ်လိုက်ပါတယ်

ဗုဒ္ဓသာသနံ စိရံ တိဋ္ဌတု

မှတ်ချက်။ သာမဏေကျော်ဆိုင်ရာ ကျမ်းစာများ ဖော်ပြပေးရန် တောင်ဆိုကြသော ညီတော်နောင်တော် ညီမတော် အမတော်များ၏ တိုက်တွက်ချက်ဖြင့် သာမကျော်ဆိုင်ရာ အသင်းများ၏ ပြဋ္ဌာန်ချက်များကို ကိုးကား၍ ရေးသားခဲ့ပါသည်။
########
ဓမ္မာစရိယအလင်အိမ်
15:8:2018/10:20pm