Saturday, October 19, 2019

အချိန်ကာလအောက်က အင်္ဂုတ္တိုရ်ပါဠိတော်၏ထုပ်ပိုးမှုအပြောင်းအလဲ

အချိန်ကာလအောက်က အင်္ဂုတ္တိုရ်ပါဠိတော်၏ထုပ်ပိုးမှုအပြောင်းအလဲ

ပိဋကတ်တော်များကို အရေအတွက်အားဖြင့်ဖွဲ့စည်းရာတွင် အကြောင်းအရာတူ၊ အရေအတွက် တူကို အခြေခံ၍ ဖွဲ့စည်းသည့်ပုံစံနှင့် ပမာဏ သို့မဟုတ် ရေးသားသည့်ပစ္စည်း၀တ္ထုကိုအခြေခံ၍ ဖွဲ့စည်းသည့်ပုံစံဟူ၍ နှစ်မျိုးတွေ့နိုင်သည်။ ဥပမာ သံယုတ်ပါဠိတော်များသည် အကြောင်းအရာတူကို အခြေခံ၍ဖွဲ့စည်းလျှင် ၅ကျမ်းဖြစ်ပြီး စာအုပ်စသောရေးသားသည့်ပစ္စည်း၀တ္ထုကို အခြေခံ၍ဖွဲ့စည်းလျှင် ဆဋ္ဌမူအရ ၃အုပ်ဖြစ်သည်။ အလားတူ အင်္ဂုတ္တိုရ်ပါဠိတော်များသည် အရေအတွက်တူကို အခြေခံ၍ ဖွဲ့စည်းလျှင် ၁၁ကျမ်းဖြစ်ပြီး ရေးသားသည့်ပစ္စည်း၀တ္ထုကို အခြေခံ၍ဖွဲ့စည်းလျှင် ၃အုပ်ဖြစ်သည်။ ၁၁ကျမ်း တွင်လည်း ပို၍အသေးစိတ်လျှင် စိတ္တပရိယာဒါနသုတ်အစရှိသည်ဖြင့် ၉၅၅၇သုတ် ရှိသည် (ဣမေသု ဧကာဒသနိပါတေသု သတ္တပညာသန၀သုတ္တသဟဿာနိ ဟောန္တိ။ စူဠဂန္ထဝံသ၊ ၃။ နေမိန္ဒရ၊ ကီ ၀မ်း ၅-၇။)။ ဤဖွဲ့စည်းပုံသည် စာအုပ်ဖြစ်စေ၊ ပေထုပ်ဖြစ်စေ ဂဏန်းအရေအတွက် အတူတူဖြစ်သည်။ သို့ဖြစ်၍ ယင်းကို သီးသန့်စီစစ်ရန်မရှိဘဲ ဒုတိယနည်းဖြင့်ခွဲဝေသည့် စာအုပ်အရေအတွက်ကို စီစစ်ရန်လိုသည်။
---------------

ကိုယ်ပိုင်ဟန်
စာအုပ်ချင်းပင်တူသော်လည်း စီစဉ်သူတို့၏အခြေအနေပေါ်မူတည်၍ ထေရဝါဒနိုင်ငံများတွင် ကွဲပြားသည်ကို တွေ့ရသည်။ နမူနာအားဖြင့် အဂုင်္တ္တိုရ်ပါဠိတော်သည် -
၁။ မြန်မာဆဋ္ဌမူနှင့်ပဉ္စမူတွင် ဧကကနိပါတ်မှ စတုက္ကနိပါတ်အထိ တစ်အုပ်၊ ပဉ္စကနိပါတ်မှ သတ္တကနိပါတ် အထိ တစ်အုပ်၊ အဋ္ဌကနိပါတ်မှ ဧကာဒသမနိပါတ်အထိ တစ်အုပ်စီစဉ်၍ ၃အုပ်ရှိသည်။
၂။ ခမာမူနှင့် ထိုင်း (သျှာမရဋ္ဌ) မူတွင် ဧကကနိပါတ်မှ တိကနိပါတ်အထိ တစ်အုပ်၊ စတုက္ကနိပါတ် အတွက် တစ်အုပ်၊ ပဉ္စကနှင့် ဆက္ကနိပါတ်အတွက် တစ်အုပ်၊ သတ္တကမှ န၀ကနိပါတ်အထိ တစ်အုပ်၊ ဒသကမှ ဧကာဒသမနိပါတ်အထိ တစ်အုပ်စီစဉ်၍ ၅အုပ်ရှိသည်။
၃။ သီဟိုဠ်မူနှင့်လာအိုမူတွင် ဧကကမှ တိကနိပါတ်အထိ တစ်အုပ်၊ စတုက္ကနိပါတ်အတွက် တစ်အုပ်၊ ပဉ္စကနိပါတ်အတွက် တစ်အုပ်၊ ဆက္က၊ သတ္တကနိပါတ်အတွက် တစ်အုပ်၊ အဋ္ဌက၊ န၀ကနိပါတ် အတွက် တစ်အုပ်၊ ဒသက၊ ဧကာဒသနိပါတ်အတွက် တစ်အုပ်စီစဉ်၍ ၆အုပ်ရှိသည်။ သို့ဖြစ်၍ ထေရဝါဒ ငါးမူတွင် စာအုပ်စသောရေးသားသည့်ပစ္စည်း၀တ္ထုကိုအခြေခံ၍ စီစဉ်ပုံ၃အုပ်စုကွဲသွားသည်။
-----------

ခေတ်အလိုက်မှတ်တမ်းများ
မြန်မာနိုင်ငံတွင်လည်း အခြားထေရဝါဒနိုင်ငံများကဲ့သို့ ပုံနှိပ်စာအုပ်ပုံစံအဖြစ် မရောက်ရှိသေးချိန်တွင် ပေမူပုံစံဖြင့် နှစ်ပေါင်းများစွာ ပိဋကတ်ပြန့်ပွါးခဲ့ရသည်ဖြစ်ရာ ထိုအချိန်တွင်လည်း အင်္ဂုတ္တိုရ် ပါဠိတော်သည် ယခုခေတ်၃အုပ်ရှိသကဲ့သို့ပင် ပေထုပ်အနေဖြင့် ၃ထုပ်ပင်ရှိခဲ့သလောဟူသော မေးခွန်းကို ဖြေဆိုကြည့်ရာမှ ဤမှတ်တမ်းပေါ်ထွက်လာသည်။

ပုဂံခေတ်မှတ်တမ်း (? -၁၂၉၇)
သိင်္ဃဝီရ်သုဇ္ဇဗိုလ်ကျောက်စာ (၁၂၂၃ အေဒီ)
အင်္ဂုတ္တရနိကာယ် ၁၀က္လျံ [သိင်္ဃဝီရ်သုဇ္ဇဗိုလ် ကြောင်း ၉]
အင်္ဂုတ္တရနိကာယ်ပါတ် အဌကထာ ဋီကာ ၁၀က္လျမ် [သိင်္ဃဝီရိသုဇ္ဇဗိုလ် ကြောင်း ၂၃]
ပထမဖေါ်ပြချက်တွင် ၁၀ကျမ်းဟု သာမညသာဖေါ်ပြသော်လည်း ဒုတိယဖေါ်ပြချက်တွင် ယင်း၁၀ကျမ်း ဟူသည် ပါဠိတော်၊ အဋ္ဌကထာ၊ ဋီကာများကို စုပေါင်း၍ ရေတွက်ထားခြင်းဖြစ်ကြောင်း သိလာရသည်။ သို့ရာတွင် ယင်း၁၀ကျမ်းတွင် ပါဠိတော်ထုပ်ရေမည်မျှ၊ အဋ္ဌကထာထုပ်ရေမည်မျှစသည်ဖြင့် ဖေါ်ပြခြင်းမရှိ၍ သေသေချာချာမသိရသေး။
-----------

အင်းဝခေတ်မှတ်တမ်း (၁၃၆၄ - ၁၅၅၅ အေဒီ)
တက်နွယ်ကျောင်းကျောက်စာ (၁၄၄၂ အေဒီ)
၁။ ပတ်အစ်ဒုတ်တိက် အဂုင်္တ္တုဝ်၊
၂။ ပတ် စတုနိပတ် အင်္ဂုတ္တုဝ်၊
၃။ ပတ်ပည္စနိပတ် အင်္ဂုတ္တုဝ်၊
၄။ ပတ်ဆသတ္တနိပတ် အင်္ဂုတ္တိုဝ်၊
၅။ ပတ် အဋ္ဌန၀နိပတ် အင်္ဂုတ္တို၀်၊
၆။ ပတ် ဒသ ဧကာဒသ နိပတ် အင်္ဂုတ္တို၀်၊
၇။ အဋ္ဌကထာ ဧက္ကနိပတ် အင်္ဂုတ္တိုဝ်၊
၈။ အဋ္ဌကထာ ဒုက်တိတ် စတု နိ ပတ် အဂုင်္တ္တိုဝ်၊
၉။ အဋ္ဌကထာ ပည္စာဒိ အဂုင်္တ္တို၀်၊
၁၀။ ဋီဂါ အဂုင်္တ္တို၀်ကြီ၊
၁၁။ ဋီဂါ အဂုင်္တ္တို၀်ငယ်၊ အဂုင်္တ္တိုဝ်ကျံ ၁၁ [တက်နွယ် ၄၅-၄၇]

ဤမှတ်တမ်းအရ အင်္ဂုတ္တိုရ် ၁၁ကျမ်းဖေါ်ပြချက်သည် ရှင်းသွားသည်။ ပါဠိတော်ကို ၆ထုပ် ထုပ်သည်။ ၆ကျမ်းဖြစ်သည်။ အဋ္ဌကထာကို ၃ထုပ် ထုပ်သည်။ ၃ကျမ်းဖြစ်သည်။ ဋီကာကို ၂ထုပ် ထုပ်သည်။ ၂ကျမ်းဖြစ်သည်။ သို့ဖြစ်၍ စုပေါင်း ၁၁ထုပ်၊ ၁၁ကျမ်းဖြစ်၍ အင်္ဂုတ္တိုရ် ၁၁ကျမ်းဟုဆိုသည်။ ဤအချက်ကိုအခြေခံ၍ အထက်ဖေါ်ပြပါ အင်္ဂုတ္တိုရ် ၁၀ကျမ်းကိုလည်း ရေတွက်နိုင်သည်။ ဤ၁၀ကျမ်းတွင် အင်္ဂုတ္တိုရ်နှစ်ကျမ်းအနက် တစ်ကျမ်းဖြစ်သည့်  အင်္ဂုတ္တိုရ်ဋီကာကြီး မပါရှိသေးဟု ယူဆနိုင်သည်။
-----------------

ဋီကာငယ် ခေါ် ဋီကာဟောင်းပါဌ်နှင့် ဋီကာကြီး သို့မဟုတ် ဋီကာသစ် ခေါ် ဋီကာသစ်ကြီးပါဌ်
ဤနေရာ၌ ဋီကာကြီး၊ ဋီကာငယ်ပြဿနာများ ရှုပ်ထွေးမှုရှိနေ၍ ရှင်းလင်းရန်လိုအပ်သည်။ ဤနေရာ၌ အကြီးဆိုသည်မှာ ပထမအရင်ပေါ်ပေါက်၍ အကြီးဟုခေါ်ခြင်းမဟုတ်ကြောင်းကိုလည်း သိထားရန်လိုသည်။ ယင်းဋီကာကြီးကိုပင် ဋီကာသစ်ဟုလည်းခေါ်သည်။ ပိဋကတ်တော်သမိုင်းတွင် “ဧကဂုင်္တ္တရဋီကာသစ်မှာ ရှင်သာရိပုတ္တရာ၊ ရှင်သာရိတနုဇ၊ ရှင်မဟာသာမိပါသာဒ ၃မည်ရသောမထေရ် ပြုသည်။ အင်္ဂုတ္တရနိကာယ် ၁၁ကျမ်း ဋီကာသစ်ကြီးကိုလည်း သာရတ္ထမဉ္ဇူသာဋီကာ အမည်မှည့်သည်။ မဟာဋီကာလည်း ခေါ်သည်” [ပိမိုင်း နှာ ၁၅၆] ဟု ဆိုသည်။ အင်္ဂုတ္တိုရ်-ဋီကာကြီးဟု ကြီးတပ်ခေါ်ခြင်းမှာ မဟာဋီကာ၌ မဟာ-ဟူသော အသုံးကြောင့်လည်း ဖြစ်တန်ရာသည်။ အချုပ်အားဖြင့် ဤဋီကာကို မျက်မှောက်ခေတ်တွင် အင်္ဂုတ္တိုရ်ဋီကာဟု သာမန်မျှသာခေါ်နေကြသော်လည်း ပိဋကတ်သမိုင်းတွင် အင်္ဂုတ္တိုရ်ဋီကာကြီး (ဇာတကဝိသောဓနတွင် ဤနာမည်ဖြင့်သာသုံး)၊ အင်္ဂုတ္တိုရ်ဋီကာသစ်၊ အင်္ဂုတ္တိုရ် ဋီကာသစ်ကြီးဟု သုံးနှုံးခဲ့ကြောင်းတွေ့ရသည်။  ဋီကာငယ်မှာ ပိဋကတ်တော်သမိုင်းတွင် ဋီကာဟောင်းဟု မှတ်တမ်းတင်ထားပြီး ရေးသားသူမှာ သီဟိုဠ်ကျွန်း အနုရာဓမြို့အနောက်ဘက် ဗဒရတိတ္ထရကျောင်းနေ ရှင်ဓမ္မပါလဖြစ်သည်ဟု ဖေါ်ပြသည်။ စိတ်၀င်စားစရာအနေဖြင့် “ထိုဋီကာဟောင်းကား ဧကင်္ဂုတ္တရ၊ ဒုကင်္ဂုတ္တရ၊ တိကင်္ဂုတ္တရ ၃ကျမ်းသာအဖွင့်ဋီကာဟောင်းရှိသည်။ ကျန် စတုကင်္ဂုတ္တရ၊ ပဉ္စ … ဧကာဒသ င်္ဂုတ္တရတိုင် အဖွင့်ဋီကာဟောင်း၈စောင်ကား ယခု မြန်မာတိုင်းနိုင်ငံတွင် မရှိဟုမှတ်လေ” [ပိမိုင်း နှာ ၁၅၅]ဟု မှတ်ချက်ပြုသည်။ လက်ရှိအချိန်တွင် ပုံနှိပ်အနေဖြင့် ထွက်ဖူး၊ မထွက်ဖူးမသိရသော်လည်း ပေမူအနေဖြင့် အင်္ဂုတ္တိုရ်ဋီကာဟောင်းပါဌ် (တဗစ ၂၀၅၃၊ ၁၀၀၉၅)၊ အဂုင်္တ္တိုရ်နိပါတ်၃တွဲ (တဗစ ၁၁၂၇၅)ဟူ၍ ရှိနေသေးသည်။
-------------------

ညောင်ရမ်းခေတ်မှတ်တမ်းများ (၁၅၉၉ - ၁၇၅၂ အေဒီ)
၁။ ဇိန၀စနနာမာဘိဓေယျဒီပနီ (၁၆၈၂ အေဒီ)
(၁) ဧက္က ဒုက္က တိက္ကနိပါတ် အင်္ဂုတ္ထိုရ်သည် ယ္ခုအခါ၌ မှင်ငါးကြောင်းရေးသောပေဖြင့် လေးဆယ် လေးအင်္ဂါနှင့် နှစ်ချပ်ရှိ၏။ 
(၂) စတုက္ကနိပါတ် အင်္ဂုတ္ထိုသည် ယ္ခုအခါ၌ မှင်ငါးကြောင်းရေးသောပေဖြင့် နှစ်ဆဲ့သုံးအင်္ဂါနှင့် နှစ်ချပ်ရှိ၏။
(၃) ပဉ္စနိပါတ် အဂုင်္တ္ထိုသည် ယ္ခုအခါ မှင်ငါးကြောင်း ရေးသောပေနှင့် အင်္ဂါနှစ်ဆယ်ရှိ၏။
(၄) ဆ သတ္တနိပါတ် အင်္ဂုတ္ထိုရ်သည် ယခုအခါ မှင်ငါးကြောင်းရေးသောပေဖြင့် အင်္ဂါနှစ်ဆယ်ရှိ၏။
(၅) အဋ္ဌနိပါတ် န၀ အင်္ဂုတ္ထိုရ်သည် ယ္ခုအခါ မှင်ငါးကြောင်းရေးသောပေဖြင့် နှစ်ဆဲ့ခုနှစ်အင်္ဂါနှင့် နှစ်ချပ်ရှိ၏။
(၆) ဒသ ဧကာဒသနိပါတ် အင်္ဂုတ္ထိုရ်သည် ယ္ခုအခါ မှင်ငါးကြောင်းရေးသောပေဖြင့် ခုနှစ်အင်္ဂါနှင့် နှစ်ချပ်ရှိ၏။ ဤသို့လျှင် တဆဲ့တပါးသောနိပါတ်တို့ကို ကျမ်းအယုတ်ဖွဲ့သောအားဖြင့် ချောံကျမ်း ချောံသုတ်ဖြစ်သတည်း။ [ဇိန ဓ ၀မ်း ကြောင်း ၁၀။ ဓ ကျော ကြောင်း ၁၊ ၂၊ ၃]
(၇) ဧကနိပါတ် အင်္ဂုတ္တိုရ်အဋ္ဌကထာ
(၈) ဒုက တိက စတုက္ကနိပါတ် အင်္ဂုတ္တိုရ်အဋ္ဌကထာ။
(၉) ပဉ္စာဒိနိပါတ် အင်္ဂုတ္တိုရ် အဋ္ဌကထာအားဖြင့် အဂုင်္တ္တိုရ်နိကာယ် အဋ္ဌကထာသုံကျမ်း။ [ဇိန နာ ၀မ်း ကြောင်း ၈၊ ၉]

၂။ ဂန္ထာစရိယ (၁၆၈၁ - ၁၆၈၅ အေဒီ)
(၁) ဧက္ကနိပါတ်၊ ဒုက္ကနိပါတ်၊ တိက္ကနိပါတ် အဂုင်္တ္တိုရ်။
(၂) စတုက္ကနိပါတ်အဂုင်္တ္တိုရ်။
(၃) ပဉ္စကနိပါတ်အင်္ဂုတ္တိုရ်။
(၄) ဆက္က၊ သတ္တကနိပါတ်အင်္ဂုတ္တိုရ်။
(၅) အဋ္ဌ၊ န၀နိပါတ်အင်္ဂုတ္တိုရ်။
(၆) ဒသ၊ ဧကာဒသနိပါတ်အင်္ဂုတ္တိုရ်။ <?၆>ကျမ်းတို့သည်လဉ် သုတ်ပါဠိတော်မည်ကုန်၏။ [ဂန္ထာစရိယ ပေါ် ၀မ်း ၈၊ ၉။ ပေါ် ကျော ၁]
(၇) ဧက္ကနိပါတ်အင်္ဂုတ္တိုရ်အဋ္ဌက္ထါ။
(၈) ဒုက္ကနိပါတ်၊ တိက္ကနိပါတ်၊ စတုက္ကနိပါတ်အင်္ဂုတ္တိုရ်အဋ္ဌက္ထာ။
(၉) ပဉ္စာဒိနိပါတ်အင်္ဂုတ္တိုရ်အဋ္ဌက္ထာ။ [ပံ ၀မ်း ၁-၂]
(၁၀) အင်္ဂုတ္တိုရ်ဋီကာကြီး။
(၁၁) ၄င်္းဋီကာငယ်။ [ပံ ကျော ၃]

၃။ နေမိန္ဒရဂန္ထာစရိယ (၁၆၈၁ - ၁၆၈၅ အေဒီ)
(၁) ဧကနိပါဒ်၊ ဒုဂ္ဂ၊ တိက အင်္ဂုတ္တို၀်ရ။
(၂) စတုက္ကနိပါဒ် အင်္ဂုတ္ထိုဝ်ရ။
(၃) ပည္စနိပါဒ် အဂုင်္တ္ထို၀်ရ။
(၄) ဆ၊ သတ္တနိပါဒ် အဂုင်္တ္ထို၀်ရ။
(၅) အဋ္ဌ၊ န၀နိပါဒ် အဂုင်္တ္ထို၀်ရ။
(၆) ဒသ၊ ဧကာဒသနိပါဒ် အဂုင်္တ္ထို၀်ရ။ [နေမိန္ဒရ ကော် ကျော ၆-၇]
(၇) ဧကနိပါတ်အင်္ဂုတ္တို၀်ရအဋ္ဌကထာ။
(၈) ဒုဂ္ဂ၊ တိက၊ စတုကနိပါဒ် အင်္ဂုထို၀်ရ အဋ္ဌကထာ။
(၉) ပည္စာဒိနိပါဒ် အင်္ဂုထို၀်ရ အဋ္ဌကထာ။ [ကူ ၀မ်း ၁-၂]
(၁၀) အင်္ဂုင်္တထို၀်ရဠီကာကြီး
(၁၁) အင်္ဂုတ္ထုဝ်ရဠီကာငယ် [ကေ ကျော ၂-၃]

၄။ ပိဋကတ်သမိုင်းမော်ကွန်းမှံ (၁၇၄၃ အေဒီ)
(၁) ဧက္ကနိပါတ်၊ ဒုက္ကနိပါတ်၊ တိက္ကနိပါတ်၊ အင်္ဂုတ္တိုရ်ပါဠိတော် သင်္ဂါယနာ၀င်။
(၂) စတုက္ကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် သင်္ဂါယနာ၀င်။
(၃) ပဉ္စနိပါတ်အင်္ဂုတ္တိုရ်ပါဠိတော်သင်္ဂါယနာ၀င်။
(၄) ဆက္ကနိပါတ်၊ သတ္တနိပါတ်အင်္ဂုတ္တိုရ်ပါဠိတော် သင်္ဂါယနာ၀င်။
(၅) အဋ္ဌနိပါတ်၊ န၀နိပါတ်အဂုင်္တ္တိုရ်ပါဠိတော် သင်္ဂါယနာ၀င်။
(၆) ဒသနိပါတ်၊ ဧကာဒသနိပါတ်အင်္ဂုတ္တိုရ်ပါဠိတော် သင်္ဂါယနာ၀င်။ ဤပါဠိတော်ချောံကျမ်းကို သဗ္ဗညုဘုရားဟောတော်မူသဉ်။ ပေါင်း၆ကျမ်း။ [ပိဋကတ်မော်မှံ ကိ ၀မ်း ၅-၇]
(၇) ဧက္ကနိပါတ် အင်္ဂုတ္တိုရ်အဋ္ဌကထာ၊
(၈) ဒုက္ကနိပါတ်၊ တိက္ကနိပါတ်၊ စတုက္ကနိပါတ် အင်္ဂုတ္တိုရ် အဋ္ဌကထာ။
(၉) ပဉ္စာဒိနိပါတ် အင်္ဂုတ္တိုရ် အဌကထာ။
(၁၀) အင်္ဂုတ္တိုရ်ဋီကာကြီး၊
(၁၁) အင်္ဂုတ္တိုရ်ဋီကာငယ်၊ … သုတ္တံမျိုးအင်္ဂုတ္တိုရ် နိကာယ်၁၁ကျမ်း။ [ကိ ၀မ်း ၇-၈]

ညောင်ရမ်းခေတ်သမိုင်းမှတ်တမ်း၄ခု (၁၆၈၁-၁၇၄၃ထိ)အရ ပါဠိတော် ၆ကျမ်း၊ အဋ္ဌကထာ ၃ကျမ်း၊ ဋီကာ ၂ကျမ်းဟူသော အင်္ဂုတ္တိုရ် ၁၁ကျမ်းကို ထပ်၍အတည်ပြုသည်။ ထူးခြားချက်အနေဖြင့် ဇိန၀စနနာမာဘိဓေယျဒီပနီတွင် ပေကြောင်းရေ၊ အင်္ဂါများကိုပါ ပြခြင်းဖြစ်သည်။ ဤအချက်သည် ၆ကျမ်း၊ ၆ထုပ် ထုပ်ကြောင်းကို ပို၍ခိုင်မာစေသည်။ ပုဂံခေတ်ကစတင်ခဲ့သည့် ပါဠိတော် ၆ကျမ်း၊ ၆ထုပ်၊ အဋ္ဌကထာ ၃ကျမ်း၊ ၃ထုပ်စသောမူဝါဒကို ဆက်လက်ထိန်းသိမ်းထားသည်။
---------

ကုန်းဘောင်ခေတ် (၁၇၅၂ - ၁၈၈၅ အေဒီ)
၁။ ပိဋကတ်ကြေးမုံ (၁၈၃၂ အေဒီ)
(၁) ဧကအင်္ဂုတ္တရပါဠိတော် (၉ကြောင်းပေဖြင့် ၉အင်္ဂါ) (က-စျား)
(၂) ဒုကအင်္ဂုတ္တရပါဠိတော် (၉ကြောင်းပေဖြင့် ၁အင်္ဂါနှင့်၁၀ချပ်) (က-ခေါ်)
(၃) တိကအင်္ဂုတ္တရပါဠိတော် (၉ကြောင်းပေဖြင့် ၇အင်္ဂါ) (က-ဆား)
(၄) စတုက္ကအင်္ဂုတ္တရပါဠိတော် (၉ကြောင်းပေဖြင့် ၁၀အင်္ဂါနှင့် ၅ချပ်) (က-ဆား)
(၅) ပဉ္စကအင်္ဂုတ္တရပါဠိတော် (၉ကြောင်းပေဖြင့် ၉အင်္ဂါနှင့်၆ချပ်) (က-ညူ)
(၆) ဆက္ကအင်္ဂုတ္တရပါဠိတော် (၉ကြောင်းပေဖြင့် ၆အင်္ဂါနှင့်၇ချပ်) (က-ဆေ)
(၇) သတ္တအင်္ဂုတ္တရပါဠိတော် (၉ကြောင်းပေဖြင့် ၅အင်္ဂါနှင့် ၆ချပ်) (က-စူ)
(၈) အဌကအဂုင်္တ္တရပါဠိတော် (၉ကြောင်းပေဖြင့် ၆အင်္ဂါနှင့်၈ချပ်) (က-ဆဲ)
(၉) န၀ကအဂုင်္တ္တရပါဠိတော် (၉ကြောင်းပေဖြင့် ၉အင်္ဂါနှင့်၄ချပ်) (က-ညီ)
(၁၀) ဒသကအဂုင်္တ္တရပါဠိတော် (၉ကြောင်းပေဖြင့် ၂အင်္ဂါနှင့်၂ချပ်) (က-ဂါ)
(၁၁) ဧကာဒသကအင်္ဂုတ္တရပါဠိတော် (၉ကြောင်းပေဖြင့် ၂အင်္ဂါ) (က-ခါး) [ကြေးမုံ ကော်လံ ၁]

(၁၂) ဧကအင်္ဂုတ္တရအဌကထာပါဌ် (၉ကြောင်းပေဖြင့် ၁၈အင်္ဂါနှင့် ၂ချပ်) (က-ဓာ)
(၁၃) ဒုကအင်္ဂုတ္တရ အဌကထာပါဌ် (၉ကြောင်းပေဖြင့် ၂အင်္ဂါနှင့်၉ချပ်) (က-ဂေါ်)
(၁၄) တိကအင်္ဂုတ္တရ အဌကထာပါဌ် (၉ကြောင်းပေဖြင့် ၇အင်္ဂါနှင့် ၂ချပ်) (က-ဇာ)
(၁၅) စတုက္ကအင်္ဂုတ္တရ အဌကထာပါဌ် (၉ကြောင်းပေဖြင့် ၆အင်္ဂါနှင့် ၆ချပ်) (က-ဆူ)
(၁၆) ပဉ္စကအင်္ဂုတ္တရ အဌကထာပါဌ် (၉ကြောင်းပေဖြင့် ၃အင်္ဂါနှင့်၉ချပ်) (က-ဃော)
(၁၇) ဆက္ကအင်္ဂုတ္တရ အဌကထာပါဌ် (၉ကြောင်းပေဖြင့် ၂အင်္ဂါနှင့်၇ချပ်) (က-ဂေ)
(၁၈) သတ္တအင်္ဂုတ္တရ အဌကထာပါဌ် (၉ကြောင်းပေဖြင့် ၂အင်္ဂါနှင့် ၉ချပ်) (က-ဂေါ)
(၁၉) အဌကအဂုင်္တ္တရ အဌကထာပါဌ် (၉ကြောင်းပေဖြင့် ၆အင်္ဂါနှင့်၈ချပ်) (က-ဂဲ)
(၂၀) န၀ကအဂုင်္တ္တရ အဌကထာပါဌ် (၉ကြောင်းပေဖြင့် ၁အင်္ဂါနှင့်၄ချပ်) (က-ခီ)
(၂၁) ဒသကအဂုင်္တ္တရ အဌကထာပါဌ် (၉ကြောင်းပေဖြင့် ၁အင်္ဂါနှင့်၂ချပ်) (က-ခါ)
(၂၂) ဧကာဒသကအင်္ဂုတ္တရ အဌကထာပါဌ် (၉ကြောင်းပေဖြင့် ၁အင်္ဂါ ၂ချပ်) (က-ခါ) [ကြေးမုံ ကော်လံ ၂]

(၂၃) ဧကအင်္ဂုတ္တရ ဋီကာပါဌ် (၉ကြောင်းပေဖြင့် ၁၃အင်္ဂါနှင့် ၉ချပ်) (က-ဎော)
(၂၄) ဒုကအင်္ဂုတ္တရ ဋီကာပါဌ် (၉ကြောင်းပေဖြင့် ၃အင်္ဂါနှင့်၄ချပ်) (က-ဃီ)
(၂၅) တိကအင်္ဂုတ္တရ ဋီကာပါဌ် (၉ကြောင်းပေဖြင့် ၆အင်္ဂါနှင့် ၅ချပ်) (က-ဆ)
(၂၆) စတုက္ကအင်္ဂုတ္တရ ဋီကာပါဌ် (၉ကြောင်းပေဖြင့် ၈အင်္ဂါနှင့် ၄ချပ်) (က-စျီ)
(၂၇) ပဉ္စကအင်္ဂုတ္တရ ဋီကာပါဌ် (၉ကြောင်းပေဖြင့် ၃အင်္ဂါနှင့်၅ချပ်) (က-ဃု)
(၂၈) ဆက္ကအင်္ဂုတ္တရ ဋီကာပါဌ် (၉ကြောင်းပေဖြင့် ၃အင်္ဂါနှင့်၆ချပ်) (က-ဃူ)
(၂၉) သတ္တအင်္ဂုတ္တရ ဋီကာပါဌ် (၉ကြောင်းပေဖြင့် ၃အင်္ဂါနှင့် ၇ချပ်) (က-ဃေ)
(၃၀) အဌကအဂုင်္တ္တရ ဋီကာပါဌ် (၉ကြောင်းပေဖြင့် ၁အင်္ဂါနှင့်၁၀ချပ်) (က-ခေါ်)
(၃၁) န၀ကအဂုင်္တ္တရ ဋီကာပါဌ် (၉ကြောင်းပေဖြင့် ၁အင်္ဂါနှင့်၇ချပ်) (က-ခဲ)
(၃၂) ဒသကအဂုင်္တ္တရ ဋီကာပါဌ် (၉ကြောင်းပေဖြင့် ၂အင်္ဂါနှင့်၁၀ချပ်) (က-ဂေါ်)
(၃၃) ဧကာဒသကအင်္ဂုတ္တရ ဋီကာပါဌ် (၉ကြောင်းပေဖြင့် ၄အင်္ဂါ ၁၀ချပ်) (က-ခါ)
(၃၄) အင်္ဂုတ္တရဋီကာငယ်ပါဌ် (၉ကြောင်းပေဖြင့် ၇အင်္ဂါနှင့်၄ချပ်) (က-ဇီ) [ကြေးမုံ ကော်လံ ၃]

၂။ ပိဋကတ်သုံးပုံမှန်တော်စဉ် (၁၈၂၀ - ၁၈၅၀ အေဒီ)
ဤကျမ်းသည် ပိဋကတ်မာတိကာသဘောမျိုးဖြစ်၍ ပါဠိတော်ကိုသာဖေါ်ပြသည်။
(၁) ဧက္က၊ ဒုက္က၊ တိက္က၊ စတုက္ကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် (၉ကြောင်းပေဖြင့် ၂၃အင်္ဂါနှင့် ၄ချပ်) (က-ဘီ)
(၂) ပဉ္စက၊ ဆက္က၊ သတ္တကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် (၉ကြောင်းပေဖြင့် ၂၁အင်္ဂါနှင့် ၁၀ချပ်) (က-ဖေါ်)
(၃) အဋ္ဌ၊ န၀၊ (ဒသ၊) ဧကာဒသနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် (၉ကြောင်းပေဖြင့် ၂၂အင်္ဂါနှင့် ၁၀ချပ်) (က-ဗေါ်)
--------------

သုံးသပ်ချက်
အထက်ပါကုန်းဘောင်ခေတ်မှတ်တမ်းအရ ပုဂံခေတ်ကစတင်လာခဲ့သော ပိဋကတ်ကျမ်း ထုပ်ပိုးပုံ၊ ရေတွက်ပုံသည် ပုံစံပြောင်းသွားသည်။ ပါဠိတော်၆ကျမ်း၊ ၆ထုပ်စနစ်သည် ကုန်းဘောင်ခေတ်တွင် ပါဠိတော် ၁၁ထုပ်၊ ၁၁ကျမ်း (ပေထုပ်တိုင်း က-စာမျက်နှာက စသည်ကိုသတိပြုပါ) ဟူ၍သော်လည်းကောင်း၊ သုံးကျမ်း၊ သုံးထုပ်ဟူ၍သော်လည်းကောင်း ပုံစံပြောင်းသွားသည်။ ဤနောက်ဆုံးပုံစံသည် မျက်မှောက် ခေတ်နှင့်ရေတွက်ထုပ်ပိုးပုံတူညီနေပြီး ပဉ္စမူ၊ ဆဋ္ဌမူပုံနှိပ်မူများတွင် ၃အုပ်စီစဉ်ထားသည်။ ထိုသို့စီစဉ်ရာတွင် ဧကမှစတုက္ကနိပါတ်အထိတစ်ပိုင်း၊ ပဉ္စကမှ သတ္တကနိပါတ် အထိတစ်ပိုင်းနှင့် အဋ္ဌကမှဧကာဒသက အထိတစ်ပိုင်း သုံးပိုင်းပိုင်း၍စီစဉ်ထားပုံမှအစ တူညီသည်။ ဤအထောက်အထားများသည် ပိဋကတ်မှတ်တမ်း အထောက်အထားများအရဖြစ်သည်။ လက်တွေ့အထောက်အထားအနေဖြင့် လက်လှမ်းမှီသည့် ဘိုးတော်ဘုရားလက်ထက် (၁၇၈၂ အေဒီ) နှင့်ယင်းနောက်ပိုင်းပေမူများကိုစီစစ်ကြည့်ရာ များသောအားဖြင့် စတုက္ကနိပါတ်သည် ထုပ်ပိုးမှုအရ ရှေ့သုံးပိုင်းနှင့်ပေါင်းစပ်နေပြီး ပဉ္စကနိပါတ်သည် ရှေ့စတုက္ကနိပါတ် စသည်နှင့်ရော၊ နောက်ဆက္ကနိပါတ်စသည်နှင့်ပါ ရောထွေးနေသည်။ အလားတူ ဆက္ကနိပါတ်နှင့် သတ္တနိပါတ်သည်လည်း ရှေ့ပဉ္စကနိပါတ်နှင့်ရော၊ နောက် အဋ္ဌနိပါတ်စသည်နှင့်ပါ ရောထွေးနေးသည်ကို တွေ့ရသည်။ ထို့ပြင် အဋ္ဌမှဧကာဒသမအထိနိပါတ်များသည်လည်း ရှေ့ဆက္က၊ သတ္တနိပါတ်တို့နှင့်ရောထွေး နေပြန်သည်။ ဤဖြစ်စဉ်သည် ပုဂံခေတ်မှစတင်၍ ညောင်ရမ်းခေတ်ပေမူများအထိ ပေမူမျိုးရိုးစဉ်ဆက် (manuscript lineage) လိုက်ရာတွင် ရှင်းလင်းမှုရှိသည်ကို တွေ့မြင်ရပြီး ကုန်းဘောင်ခေတ်တွင် ထုပ်ပိုးမှု ပုံစံ ၂မျိုး၊ ၃မျိုးပြောင်းသွားသည့်အတွက် ရှုပ်ထွေးသွားသည်ကိုတွေ့လာရသည်။ နှောင်းခေတ် ကူးယူလက်ဆင့်ကမ်းရာတွင် ပါဠိတော်၆ထုပ်ကဖြစ်စေ၊ ၁၁ထုပ်ကဖြစ်စေ၊ ၃ထုပ်ကဖြစ်စေ၊ တိုက်ဆိုင်ညှိနှိုင်း၍ ဖြစ်စေ ကူးယူနိုင်ချေရှိသည်။ ဤဖြစ်စဉ်သည် လက်ဆင့်ကမ်းမှုများလာသောအခါ ရောထွေးလာသည်။ သို့ဖြစ်၍ အင်္ဂုတ္တိုရ်နှင့်ပတ်သက်၍ family tree တည်ဆောက်ရာတွင် အခြားဒီဃနိကာယ်၊ မဇ္ဈိမနိကာယ်တို့ကဲ့သို့ ကျမ်းတစ်ကျမ်းတည်းကို ဆုပ်ကိုင်ထား၍မရနိုင်ဘဲ အင်္ဂုတ္တိုရ်ပါဠိတော်၆ကျမ်း သို့မဟုတ် ပါဠိတော်၁၁ကျမ်း သို့တည်းမဟုတ် ပါဠိတော်၃ကျမ်းဟူသောခွဲစိတ်ထုပ်ပိုးမှုများအပေါ်တွင် ဟန်ချက် ညီအောင်ထိန်းလျက် ဥဒ္ဒါနဂါထာများ၊ ပေယျလပိုင်းဖြတ်ပုံများ၊ ခေတ်အဆက်ဆက်တည်းဖြတ် ဆရာတော်များ၏ သုတ်တစ်ခုအစ stereo type စာပိုဒ်များနှင့်ပတ်သက်၍ပုံစံချမှုများကို ထည့်သွင်းစဉ်းစားခြင်းဖြင့် လုပ်ဆောင်ရန်လိုအပ်သည်။

Saturday, April 20, 2019

၁/၅။ ပဏိဟိတအစ္ဆဝဂ်

၁/၅။ ပဏိဟိတအစ္ဆဝဂ်
********
၁။ မကောင်းထားရာ, ဆူးတူးစွာ,
မကောင်းစိတ်မှာ မပြည့်ရာ။
၂။ ကောင်းစွာထားရာ, ဆူးတူးစွာ,
ကောင်းသည့်စိတ်မှာ ပြည့်စုံမှာ။
၃။ ဒေါသစိတ်မှာ, ငရဲသာ,
၄။ ကြည့်လင်စိတ်မှာ, နတ်ပြည်ရ။
၅။ နောက်ကျုရေမှာ,မမြင်သာ,
နောက်ကျုစိတ်မှာ ကျိုးမရ။
၆။ ကြည်လင်ရေမှာ, မြင်ခွင့်သာ,
ကြည်လင်စိတ်မှာ, အကျိုးရ။
၇။ ကြို့ပင်တူစွာ အလုပ်မှာ
ပွားများစိတ်က မြတ်သည်သာ။
၈။ စိတ်နှင့်တူစွာ ဥပမာ
မြန်တာ မရှိပါ။
၉။ ဘဝင်စိတ်သည် ဖြူစင်သည်
ဧည့်သည် ကိကြောင့် ညစ်နွမ်း၏။
၁၀။ ဘဝင်စိတ်သည် ဖြူစင်သည်
ဧည့်သည်ကိမှ လွတ်ကင်း၏။

(၁) ပဏိဟိတအစ္ဆဝဂ်၊ပထမသုတ်
=လွဲမှာသောစိတ်နှင့် မကောင်းထားသော သလေမုယောဆူး ဥပမာ
(၂) ပဏိဟိတအစ္ဆဝဂ်၊ ဒုတိယသုတ်
=ကောင်းသောစိတ်နှင့် ကောင်းစွာထားသော သလေမုယောဆူး ဥပမာ
(၃) ပဏိဟိတအစ္ဆဝဂ်၊ တတိယသုတ်
=ဒေါသစိတ်ရှိသူ ငရဲကျပုံ
(၄) ပဏိဟိတအစ္ဆဝဂ်၊ စတုတ္ထသုတ်
=ပသန္နစိတ်ရှိသူ နတ်ပြည်ရောက်ပုံ
(၅) ပဏိဟိတအစ္ဆဝဂ်၊ ပဉ္စမသုတ်
=နောက်ကျူသော ရေအိုင် ဥပမာနှင့် နောက်ကျူသောစိတ်
(၆) ပဏိဟိတအစ္ဆဝဂ်၊ ဆဋ္ဌသုတ်
=မနောက်ကျူသော ရေအိုင် ဥပမာနှင့် မနောက်ကျူသောစိတ်
(၇) ပဏိဟိတအစ္ဆဝဂ်၊ သတ္တမသုတ်
= သစ်ပင်တို့တွင့် ကြို့ပင် မြတ်သကဲ့သို့၊ ပွားများသောစိတ်သည် နုညံ၍ အမှုကိစ္စ လုပ်နိုင်ပုံ
(၈) ပဏိဟိတအစ္ဆဝဂ်၊ အဋ္ဌမသုတ်
=စိတ်လျင်မြန်ပုံ ဥပမာ မရှိခြင်း
(၉) ပဏိဟိတအစ္ဆဝဂ်၊ နဝမသုတ်
=ဘဝင်စိတ်သည် ဖြူစင်၏ ဧည့်သည်ဖြစ်သော ဥပက္ကိလေသာကြောင့် ညစ်နွမ်းရခြင်း
(၁၀) ပဏိဟိတအစ္ဆဝဂ်၊ ဒသမသုတ်
=ဘဝင်စိတ်သည် ဖြူစင်၏ ဧည့်သည်ဖြစ်သော ဥပက္ကိလေသာမှ လွတ်ခြင်း
########

(၁) ပဏိဟိတအစ္ဆဝဂ်၊ ပထမသုတ်လာ မကောင်းထားသော သလေးမုယောဆူး

မကောင်းသဖြင့် ထားအပ်သော သလေးစပါး ဆူကိုဖြစ်စေ, မုယောစပါး ဆူးကို ဖြစ်စေ, လက်ဖြင့်ဖိ၊ ခြေဖြင့်နင်းသော် လက်ခြေကို စူးမူလည်းစူးလတ္တံ့, သွေးကိုမူလည်း ဖြစ်စေလတ္တံ့ ဟူသော ဤအကြောင်းသည် မရှိနိုင်။ ထိုသို့ဖြစ်ခြင်းသည် အဘယ်ကြောင့်ဟူမူ၊ ဆူးကို မကောင်းသဖြင့် ထားအပ်သောကြောင့်တည်း။

‘‘သေယျထာပိ, ဘိက္ခဝေ, သာလိသူကံ ဝါ ယဝသူကံ ဝါ မိစ္ဆာပဏိဟိတံ ဟတ္ထေန ဝါ ပါဒေန ဝါ အက္ကန္တံ ဟတ္ထံ ဝါ ပါဒံ ဝါ ဘေစ္ဆတိ လောဟိတံ ဝါ ဥပ္ပါဒေဿတီတိ နေတံ ဌာနံ ဝိဇ္ဇတိ။
တံ ကိဿ ဟေတု? မိစ္ဆာပဏိဟိတတ္တာ, ဘိက္ခဝေ, သူကဿ။ (အံ၊ ၁၊ ၇)

ဘိက္ခဝေ=ရဟန်းတို့၊ သေယျထာပိ=ဥပမာပြရသော်ကား။ မိစ္ဆာပဏိဟိတံ=လွဲမှားစွာ ထားအပ်သော၊ ဝါ=အမြီးချွန်ကို ထောင်၍မထားအပ်သော။ သာလိသူကံ ဝါ =သလေးစပါး၏ အမြီးချွန်သည်သော်လည်းကောင်း၊ ယဝသူကံ ဝါ=မုယောစပါး၏ အမြီးချွန်သည်သော်လည်းကောင်း၊  ဟတ္ထေန ဝါ=လက်ဖြင့်သော်လည်းကောင်း၊ ပါဒေန ဝါ=ခြေဖြင့်သော်လည်းကောင်း၊ အက္ကန္တံ=နင်းအပ်ဖိအပ်သည်၊(သမာနံ-ဖြစ်လသော်) ဟတ္ထံ ဝါ=လက်ကိုလည်းကောင်း၊ ပါဒံ ဝါ=ခြေကိုလည်းကောင်း၊ ဘေစ္ဆတိ=ထိုးဖောက်လတ္တံ့၊ လောဟိတံ ဝါ=သွေးကိုလည်း၊ ဥပ္ပါဒေဿတိ=ဖြစ်စေလတ္တံ့၊ ဣတိ ဧတံ ဌာနံ=ဤသို့သော အကြောင်းသည်၊ န ဝိဇ္ဇတိ=မရှိနိုင်၊ဝါ=မဖြစ်နိုင်။
တံ=ထိုသို့ မရှိနိုင်ခြင်းသည်၊ ကိဿ=အဘယ်၏၊ ဟေတု=အကြောင်းနည်း။
တံ ကိဿ ဟေတု=ထိုသို့ မရှိနိုင်ခြင်းသည် အဘယ့်ကြောင့်နည်းဟူမူ၊
ဘိက္ခဝေ=ရဟန်းတို့၊ သူကဿ=အမြီးချွန်၏၊ ဝါ=အမြီးချွန်ကို။ မိစ္ဆာပဏိဟိတတ္တာ=လွဲမှားစွာ ထားအပ်သည်၏ အဖြစ်ကြောင့်တည်း။
***************

(၁) ပဏိဟိတအစ္ဆဝဂ်၊ ပထမသုတ်လာ လွဲမှာသောစိတ်

ဤအတူပင်
မကောင်းသဖြင့် ထားအပ်သော စိတ်ဖြင့် အဝိဇ္ဇာကို စင်စစ် ခွဲဖျက်လတ္တံ့၊ ဝိဇ္ဇာကို ဖြစ်စေလတ္တံ့၊ နိဗ္ဗာန်ကို မျက်မှောက်ပြုလတ္တံ့ ဟူသော ဤအကြောင်းသည် မရှိနိုင်၊ ထိုသို့ဖြစ်ခြင်းသည် အဘယ်ကြောင့်ဟူမူ၊ စိတ်ကို မကောင်းသဖြင့် ထားအပ်သောကြောင့်တည်း။
*********
ဧဝမေဝံ ခေါ, ဘိက္ခဝေ, သော ဝတ ဘိက္ခု မိစ္ဆာပဏိဟိတေန စိတ္တေန အဝိဇ္ဇံ ဘေစ္ဆတိ, ဝိဇ္ဇံ ဥပ္ပါဒေဿတိ, နိဗ္ဗာနံ သစ္ဆိကရိဿတီတိ နေတံ ဌာနံ ဝိဇ္ဇတိ။
တံ ကိဿ ဟေတု? မိစ္ဆာပဏိဟိတတ္တာ, ဘိက္ခဝေ, စိတ္တဿာ’’တိ။ (အံ၊ ၁၊ ၇)

ဘိက္ခဝေ=ရဟန်းတို့၊ ဧဝမေဝံ ခေါ=ဤအတူသာလျှင်၊ ဝတ=စင်စစ်အားဖြင့်၊ သော ဘိက္ခု=ထိုရဟန်းသည်၊ မိစ္ဆာပဏိဟိတေန=လွဲမှားစွာ ထားအပ်သော၊ စိတ္တေန=စိတ်ဖြင့်၊ အဝိဇ္ဇံ=အဝိဇ္ဇာကို၊ ဘေစ္ဆတိ=ဖြို့ဖျက်လတ္တံ့၊ ဝိဇ္ဇံ=အရဟတ္တမဂ်ဉာဏ်ဝိဇ္ဇာကို၊ ဥပ္ပါဒေဿတိ-ဖြစ်စေလတ္တံ့၊ နိဗ္ဗာနံ=နိဗ္ဗာန်ကို၊ သစ္ဆိကရိဿတိ=မျက်မှောက်ပြုလတ္တံ့၊ ဣတိ ဧတံ ဌာနံ=ဤသို့သော အကြောင်းသည်၊ န ဝိဇ္ဇတိ=မရှိနိုင်၊ ဝါ=မဖြစ်နိုင်။
တံ=ထိုသို့ မရှိနိုင်ခြင်းသည်၊ ကိဿ=အဘယ်၏၊ ဟေတု=အကြောင်းနည်း။
တံ ကိဿ ဟေတု=ထိုသို့ မရှိနိုင်ခြင်းသည် အဘယ့်ကြောင့်နည်းဟူမူ၊
ဘိက္ခဝေ=ရဟန်းတို့၊ စိတ္တဿ=စိတ်၏၊ ဝါ=စိတ်ကို။ မိစ္ဆာပဏိဟိတတ္တာ=လွဲမှားစွာ ထားအပ်သည်၏ အဖြစ်ကြောင့်တည်း။ ဣတိ-ဤသို့၊(အဝေါစ-မိန့်တော်မူပြီ)
#########

(၂) ပဏိဟိတအစ္ဆဝဂ်၊ ဒုတိယသုတ်လာ ကောင်းစွာထားသော သလေး မုယောဆူး

ကောင်းစွာ ထားအပ်သော သလေးစပါး ဆူကိုဖြစ်စေ, မုယောစပါး ဆူးကို ဖြစ်စေ, လက်ဖြင့်ဖိ၊ ခြေဖြင့်နင်းသော် လက်ခြေကို စူးမူလည်းစူးလတ္တံ့, သွေးကိုမူလည်း ဖြစ်စေလတ္တံ့ ဤအကြောင်းသည် ရှိနိုင်၏။
အဘယ်ကြောင့်ဟူမူ၊ ဆူးကို ကောင်းစွာ ထားအပ်သောကြောင့်တည်း။
********
‘‘သေယျထာပိ, ဘိက္ခဝေ, သာလိသူကံ ဝါ ယဝသူကံ ဝါ သမ္မာပဏိဟိတံ ဟတ္ထေန ဝါ ပါဒေန ဝါ အက္ကန္တံ ဟတ္ထံ ဝါ ပါဒံ ဝါ ဘေစ္ဆတိ လောဟိတံ ဝါ ဥပ္ပါဒေဿတီတိ ဌာနမေတံ ဝိဇ္ဇတိ။
တံ ကိဿ ဟေတု? သမ္မာပဏိဟိတတ္တာ, ဘိက္ခဝေ, သူကဿ။ (အံ၊ ၁၊ ၇)

ဘိက္ခဝေ=ရဟန်းတို့၊ သေယျထာပိ=ဥပမာပြရသော်ကား။ သမ္မာပဏိဟိတံ=ကောင်းစွာ ထားအပ်သော၊ ဝါ=အမြီးချွန်ကို ထောင်၍ ထားအပ်သော။ သာလိသူကံ ဝါ =သလေးစပါး၏ အမြီးချွန်သည်သော်လည်းကောင်း၊ ယဝသူကံ ဝါ=မုယောစပါး၏ အမြီးချွန်သည်သော်လည်းကောင်း၊  ဟတ္ထေန ဝါ=လက်ဖြင့်သော်လည်းကောင်း၊ ပါဒေန ဝါ=ခြေဖြင့်သော်လည်းကောင်း၊ အက္ကန္တံ=နင်းအပ်ဖိအပ်သည်၊(သမာနံ-ဖြစ်လသော်) ဟတ္ထံ ဝါ=လက်ကိုလည်းကောင်း၊ ပါဒံ ဝါ=ခြေကိုလည်းကောင်း၊ ဘေစ္ဆတိ= ထိုးဖောက်လတ္တံ့၊ လောဟိတံ ဝါ=သွေးကိုလည်း၊ ဥပ္ပါဒေဿတိ=ဖြစ်စေလတ္တံ့၊ ဣတိ ဧတံ ဌာနံ=ဤသို့သော အကြောင်းသည်၊ ဝိဇ္ဇတိ=ရှိနိုင်၏၊ဝါ=ဖြစ်နိုင်၏။
တံ=ထိုသို့ ရှိနိုင်ခြင်းသည်၊ ကိဿ=အဘယ်၏၊ ဟေတု=အကြောင်းနည်း။
တံ ကိဿ ဟေတု=ထိုသို့ ရှိနိုင်ခြင်းသည် အဘယ့်ကြောင့်နည်းဟူမူ၊
ဘိက္ခဝေ=ရဟန်းတို့၊ သူကဿ=အမြီးချွန်၏၊ ဝါ=အမြီးချွန်ကို။ သမ္မာပဏိဟိတတ္တာ=ကောင်းစွာ ထားအပ်သည်၏ အဖြစ်ကြောင့်တည်း။
**********

(၂) ပဏိဟိတအစ္ဆဝဂ်၊ ဒုတိယသုတ်လာ ကောင်းစွာထားသောစိတ်

ဤအတူပင်
ကောင်းစွာ ထားအပ်သော စိတ်ဖြင့် အဝိဇ္ဇာကို စင်စစ် ခွဲဖျက်လတ္တံ့၊ ဝိဇ္ဇာကို ဖြစ်စေလတ္တံ့၊ နိဗ္ဗာန်ကို မျက်မှောက်ပြုလတ္တံ့ ဟူသော ဤအကြောင်းသည် ရှိနိုင်၏၊ ထိုသို့ဖြစ်ခြင်းသည် အဘယ်ကြောင့်ဟူမူ၊ စိတ်ကို ကောင်းစွာ ထားအပ်သောကြောင့်တည်း။
**********
ဧဝမေဝံ ခေါ, ဘိက္ခဝေ, သော ဝတ ဘိက္ခု သမ္မာပဏိဟိတေန စိတ္တေန အဝိဇ္ဇံ ဘေစ္ဆတိ, ဝိဇ္ဇံ ဥပ္ပါဒေဿတိ, နိဗ္ဗာနံ သစ္ဆိကရိဿတီတိ ဌာနမေတံ ဝိဇ္ဇတိ။
တံ ကိဿ ဟေတု? သမ္မာပဏိဟိတတ္တာ, ဘိက္ခဝေ, စိတ္တဿာ’’တိ။  (အံ၊ ၁၊ ၇)

ဘိက္ခဝေ=ရဟန်းတို့၊ ဧဝမေဝံ ခေါ=ဤအတူသာလျှင်၊ ဝတ=စင်စစ်အားဖြင့်၊ သော ဘိက္ခု=ထိုရဟန်းသည်၊ သမ္မာပဏိဟိတေန=ကောင်းစွာ ထားအပ်သော၊ စိတ္တေန=စိတ်ဖြင့်၊ အဝိဇ္ဇံ=အဝိဇ္ဇာကို၊ ဘေစ္ဆတိ=ဖြို့ဖျက်လတ္တံ့၊ ဝိဇ္ဇံ=အရဟတ္တမဂ်ဉာဏ်ဝိဇ္ဇာကို၊ ဥပ္ပါဒေဿတိ-ဖြစ်စေလတ္တံ့၊ နိဗ္ဗာနံ=နိဗ္ဗာန်ကို၊ သစ္ဆိကရိဿတိ=မျက်မှောက်ပြုလတ္တံ့၊ ဣတိ ဧတံ ဌာနံ=ဤသို့သော အကြောင်းသည်၊ ဝိဇ္ဇတိ=ရှိနိုင်၏၊ ဝါ=ဖြစ်နိုင်၏။
တံ=ထိုသို့ ရှိနိုင်ခြင်းသည်၊ ကိဿ=အဘယ်၏၊ ဟေတု=အကြောင်းနည်း။
တံ ကိဿ ဟေတု=ထိုသို့ ရှိနိုင်ခြင်းသည် အဘယ့်ကြောင့်နည်းဟူမူ၊
ဘိက္ခဝေ=ရဟန်းတို့၊ စိတ္တဿ=စိတ်၏၊ ဝါ=စိတ်ကို။ သမ္မာပဏိဟိတတ္တာ=ကောင်းစွာ ထားအပ်သည်၏ အဖြစ်ကြောင့်တည်း။(ဣတိ-ဤသို့၊ အဝေါစ-မိန်တော်မူပြီ)
#########

(၃) ပဏိဟိတအစ္ဆဝဂ်၊ တတိယသုတ်လာ ဒေါသစိတ်ရှိသူ ငရဲကျပုံပြ

[ရဟန်းတို့၊ ငါဘုရားသည်၊ ဤလောက၌၊ အချို့သော၊ ဒေါသသည် ဖျက်ဆီးအပ်သော စိတ်ရှိသော၊ ပုဂ္ဂိုလ်ကို၊  ဤသို့၊ ငါဘုရား၏ စေတောပရိယဉာဏ် သဗ္ဗညူတဉာဏ် ဉာဏ်နှင့်တကွ ဖြစ်သောစိတ်ဖြင့်၊ ထိုပုဂ္ဂိုလ်၏စိတ်ကို၊ ခွဲခြား၍၊ အပြားအားဖြင့် သိတော်မူ၏။
(အဘယ်သို့၊ အပြားအားဖြင့် သိတော်မူသနည်းဟူမူ။)
ပဒုဋ္ဌစိတ် ဖြစ်ရာ ဤအခါ၌၊ ဤပုဂ္ဂိုလ်သည်၊ သေခြင်းကို၊ အကယ်၍ ပြုငြားအံ့၊(ဤသို့ပြုလသော်၊ ဤပုဂ္ဂိုလ်ကို၊) တနေရာရာသို့ ဆောင်ယူ၍၊ ချထားအပ်သကဲ့သို့၊ ဤအတူ၊(မိမိ၏၊ အကုသိုလ်ကံသည်၊) ငရဲ၌၊ ချထားအပ်ပြီ။ ဣတိ-ဤသို့၊(အဝေါစ-မိန့်တော်မူပြီ)

ထိုသို့ ငရဲ၌ ချထားခံရခြင်းသည်၊ အဘယ်ကြောင်းနည်း။
ထိုသို့ ငရဲ၌ ချထားခံရခြင်းသည် အဘယ့်ကြောင့်နည်းဟူမူ၊
ရဟန်းတို့၊ အကြာင့်ကြောင့်၊ ထိုပုဂ္ဂိုလ်၏၊ စိတ်ကို၊ ဒေါသသည်ဖျက်ဆီးအပ်ပြီ။ (ထိုကြောင့်ပေတည်း။)]

‘‘ဣဓာဟံ, ဘိက္ခဝေ, ဧကစ္စံ ပုဂ္ဂလံ ပဒုဋ္ဌစိတ္တံ ဧဝံ စေတသာ စေတော ပရိစ္စ ပဇာနာမိ။(အံ၊ ၁၊ ၈)
‘ဣမမှိ စေ အယံ သမယေ ပုဂ္ဂလော ကာလံ ကရေယျ, ယထာဘတံ နိက္ခိတ္တော ဧဝံ နိရယေ’။ တံ ကိဿ ဟေတု? စိတ္တံ ဟိဿ, ဘိက္ခဝေ, ပဒုဋ္ဌံ။ (အံ၊ ၁၊ ၈)

ဘိက္ခဝေ=ရဟန်းတို့၊ အဟံ=ငါဘုရားသည်၊ ဣဓ=ဤလောက၌၊ ဧကစ္စံ=အချို့သော၊ ပဒုဋ္ဌစိတ္တံ=ဒေါသသည် ဖျက်ဆီးအပ်သော စိတ်ရှိသော၊
ပုဂ္ဂလံ=ပုဂ္ဂိုလ်ကို၊  ဧဝံ=ဤသို့၊ စေတသာ=ငါဘုရား၏စိတ်ဖြင့်၊ ဝါ-ငါဘုရား၏ စေတောပရိယဉာဏ်နှင့်တကွ ဖြစ်သောစိတ်ဖြင့်၊ ဝါ=သဗ္ဗညူတဉာဏ် ဉာဏ်နှင့်တကွ ဖြစ်သောစိတ်ဖြင့်၊ စေတော=ထိုပုဂ္ဂိုလ်၏စိတ်ကို၊ ပရိစ္စ=ခွဲခြား၍၊ ပဇာနာမိ=အပြားအားဖြင့် သိတော်မူ၏။

(ကိန္တိ=အဘယ်သို့၊ ပဇာနာမိ=အပြားအားဖြင့် သိတော်မူသနည်းဟူမူ။)
ဣမမှိ သမယေ=ပဒုဋ္ဌစိတ် ဖြစ်ရာ ဤအခါ၌၊ ဝါ=ဒေါသသည် ဖျက်ဆီးအပ်သော စိတ်ရှိရာ ဤအခါ၌၊ အယံ ပုဂ္ဂလော=ဤပုဂ္ဂိုလ်သည်၊ ကာလံ=သေခြင်းကို၊ စေ ကရေယျ=အကယ်၍ ပြုငြားအံ့၊(ဧဝံသတိ-ဤသို့ပြုလသော်၊ အယံ ပုဂ္ဂလော=ဤပုဂ္ဂိုလ်ကို၊) အာဘတံ=တနေရာရာသို့ ဆောင်ယူ၍၊ နိက္ခိတ္တော ယထာ=ချထားအပ်သကဲ့သို့၊ ဧဝံ=ဤအတူ၊(အတ္တနော-မိမိ၏၊ ကမ္မုနာ-အကုသိုလ်ကံသည်၊) နိရယေ=ငရဲ၌၊ နိက္ခိတ္တော=ချထားအပ်ပြီ။ (ဣတိ=သို့၊ ပဇာနာမိ=အပြားအားဖြင့် သိတော်မူ၏။)

တံ=ထိုသို့ ငရဲ၌ ချထားခံရခြင်းသည်၊ ကိဿ=အဘယ်၏၊ ဟေတု=အကြောင်းနည်း။
တံ ကိဿ ဟေတု=ထိုသို့ ငရဲ၌ ချထားခံရခြင်းသည် အဘယ့်ကြောင့်နည်းဟူမူ၊
ဘိက္ခဝေ=ရဟန်းတို့၊ ဟိ-ယသ္မာ=အကြာင့်ကြောင့်၊ အဿ=ထိုပုဂ္ဂိုလ်၏၊ စိတ္တံ=စိတ်ကို၊ ပဒုဋ္ဌံ=ဒေါသသည်ဖျက်ဆီးအပ်ပြီ။ (ဣတိ=ထိုကြောင့်ပေတည်း။)
********
ပဏိဟိတအစ္ဆဝဂ်၊ တတိယသုတ်လာ စိတ်ဖောပ်ပြန်ခြင်းကြောင့် ငရဲကျခြင်း

[ရဟန်းတို့၊ အမှန်တကယ်ပင်၊ စိတ်၏ဖောက်ပြန် ပျင်စီးခြင်းဟူသော အကြောင်းကြောင့်၊ ဤသို့၊ ဤလောက၌၊ အချို့ကုန်သော၊ သတ္တဝါတို့သည်၊ ဥပဒိန္ဒ ခန္ဓာကိုယ်၏၊ ပျက်စီးခြင်းဟူသော၊ သေခြင်းမှ၊ နောက်၌၊
ချမ်းသာသုခမှ ကင်းသော၊ ဒုက္ခ၏ ဖြစ်ရာ တည်ရာဖြစ်သော၊ မကောင်းမှု ပြုသူတို့ မိမိအလိုဆန္ဒ မပါဘဲ ကျရောက်ရာဖြစ်သော၊ သာယာဖွယ်သုခ အနည်းငယ်မျှမရှိရာ ငရဲသို့၊ ကပ်ရောက်ကြရကုန်၏၊]
‘‘စေတောပဒေါသဟေတု ပန, ဘိက္ခဝေ, ဧဝမိဓေကစ္စေ သတ္တာ ကာယဿ ဘေဒါ ပရံ မရဏာ အပါယံ ဒုဂ္ဂတိံ ဝိနိပါတံ နိရယံ ဥပပဇ္ဇန္တီ’’တိ။  (အံ၊ ၁၊ ၈)

ဘိက္ခဝေ=ရဟန်းတို့၊ ပန=အမှန်တကယ်ပင်၊ စေတောပဒေါသဟေတု=စိတ်၏ဖောက်ပြန် ပျင်စီးခြင်းဟူသော အကြောင်းကြောင့်၊ ဧဝံ=ဤသို့၊ ဣဓ=ဤလောက၌၊ ဧကစ္စေ=အချို့ကုန်သော၊ သတ္တာ=သတ္တဝါတို့သည်၊ ကာယဿ=ဥပဒိန္ဒ ခန္ဓာကိုယ်၏၊ ဘေဒါ=ပျက်စီးခြင်းဟူသော၊ မရဏာ=သေခြင်းမှ၊ ဝါ=သေသည်မှ၊ ပရံ=နောက်၌၊ ဝါ=နောက်ဖြစ်သော ဘဝသစ်ခန္ဓာကို ယူခြင်း၌၊ ဝါ=နောက်ထပ်ယူအပ်သော ဘဝသစ်ခန္ဓာကိုယ်၌၊ (တနည်း) ကာယဿ=ဥပဒိန္ဒ ခန္ဓာကိုယ်၏ တည်တံကြောင့် ဇီဝိတိနြေ္ဒ၏၊ ဘေဒါ=ပျက်စီးကြောင်းဖြစ်သော၊ မရဏာ=စုတိစိတ်မှ၊ ဝါ=သေခြင်းသဘောတရားဖြစ်သော စုတိစိတ်မှ၊ ပရံ=နောက်၌၊ ဝါ=နောက်ဖြစ်သော ပဋိသန္ဓေစိတ်၌၊
အပါယံ=ချမ်းသာသုခမှ ကင်းသော၊ ဝါ=လိုချင်ဖွယ် အခြင်းအရာအားဖြင့် ဖြစ်တတ်သော သုခမှကင်းသော၊ ဝါ=သုခ၏ ဖြစ်ပေါ်ရာ ကုသိုလ်မှကင်းသော၊ ဝါ=သုဂတိဘဝမှကင်းသော ငရဲ တိရစ္ဆာန် ပြိတ္တာ အသူရကယ် လေးသွယ်သော၊ ဒုဂ္ဂတိံ =ဒုက္ခ၏ ဖြစ်ရာ တည်ရာဖြစ်သော၊ ဝါ=ပျက်စီးသော အကုသိုလ်ကံကြောင့် ဖြစ်ရသော ဘုံဘဝဖြစ်သော၊ ဝိနိပါတံ=မကောင်းမှု ပြုသူတို့ မိမိအလိုဆန္ဒ မပါဘဲ ကျရောက်ရာဖြစ်သော၊ ဝါ=ကိုယ်အင်္ဂါခြေလက် ပျက်စီးလျက် ကျရောက်ရာဖြစ်သော၊ နိရယံ=သာယာဖွယ်သုခ အနည်းငယ်မျှမရှိရာ ငရဲသို့၊ ဝါ=သာယာဖွယ်သုခ အနည်းငယ်မျှ မရှိရာ အဝီစိစသော ငရဲသို့၊ ဥပပဇ္ဇန္တိ=ကပ်ရောက်ကြရကုန်၏၊ ဝါ-လားရောက်ကြရကုန်၏။
(တနည်း) နိရယံ=သာယာဖွယ်သုခ အနည်းငယ်မျှမရှိရာ ငရဲ၌၊ ဝါ=သာယာဖွယ်သုခ အနည်းငယ်မျှ မရှိရာ အဝီစိစသော ငရဲ၌၊ ဥပပဇ္ဇန္တိ=ဖြစ်ကြရကုန်၏။ ဣတိ-ဤသို့၊(အဝေါစ-မိန့်တော်မူပြီ)
{တနည်း)
အပါယံ=ချမ်းသာသုခမှ ကင်းသော ဘဝသို့လည်းကောင်း၊ ဝါ=လိုချင်ဖွယ် အခြင်းအရာအားဖြင့် ဖြစ်တတ်သော သုခမှကင်းသော ဘဝသို့လည်းကောင်း၊ ဝါ=သုခ၏ ဖြစ်ပေါ်ရာ ကုသိုလ်မှကင်းသော ဘဝသို့လည်းကောင်း၊ ဝါ=သုဂတိဘဝမှကင်းသော ငရဲ တိရစ္ဆာန် ပြိတ္တာ အသူရကယ် လေးသွယ်သော ဘဝသို့လည်းကောင်း၊
ဒုဂ္ဂတိံ =ဒုက္ခ၏ ဖြစ်ရာ တည်ရာဖြစ်သော၊ ဝါ=ပျက်စီးသော အကုသိုလ်ကံကြောင့် ဖြစ်ရသော ဘုံဘဝဖြစ်သော၊ ဝိနိပါတံ=မကောင်းမှု ပြုသူတို့ မိမိအလိုဆန္ဒ မပါဘဲ ကျရောက်ရာဖြစ်သော၊ ဝါ=ကိုယ်အင်္ဂါခြေလက် ပျက်စီးလျက် ကျရောက်ရာဖြစ်သော၊ နိရယံ=သာယာဖွယ်သုခ အနည်းငယ်မျှမရှိရာ ငရဲသို့လည်းကောင်း၊ ဝါ=သာယာဖွယ်သုခ အနည်းငယ်မျှ မရှိရာ အဝီစိစသော ငရဲသို့လည်းကောင်း၊
ဥပပဇ္ဇန္တိ=ကပ်ရောက်ကြရကုန်၏၊ ဝါ-လားရောက်ကြရကုန်၏။  ဣတိ-ဤသို့၊(အဝေါစ-မိန့်တော်မူပြီ)
############

(၄) ပဏိဟိတအစ္ဆဝဂ်၊ စတုတ္ထသုတ်လာ ပသန္နစိတ်ရှိသူ နတ်ပြည်ရောက်သည်ကိုမြင်ပုံ

[ရဟန်းတို့၊ ငါဘုရားသည်၊ ဤလောက၌၊ အချို့သော၊ သဒ္ဒါဖြင့်ကြည်လင်သော စိတ်ရှိသော၊ ပုဂ္ဂိုလ်ကို၊ ဤသို့၊ ငါဘုရား၏ စေတောပရိယဉာဏ် သဗ္ဗညူတဉာဏ် ဉာဏ်နှင့်တကွ ဖြစ်သောစိတ်ဖြင့်၊ ထိုပုဂ္ဂိုလ်၏စိတ်ကို၊ ခွဲခြား၍၊ အပြားအားဖြင့် သိတော်မူ၏။
(အဘယ်သို့၊ အပြားအားဖြင့် သိတော်မူသနည်းဟူမူ။)
ပသန္နစိတ် ဖြစ်ရာ ဤအခါ၌၊ ဤပုဂ္ဂိုလ်သည်၊ သေခြင်းကို၊ အကယ်၍ ပြုငြားအံ့၊(ဤသို့ပြုလသော်၊ ဤပုဂ္ဂိုလ်ကို၊) တနေရာရာသို့ ဆောင်ယူ၍၊ ချထားအပ်သကဲ့သို့၊ ဤအတူ၊(မိမိ၏၊ ကုသိုလ်ကံသည်၊) နတ်အြည်၌၊ ချထားအပ်ပြီ။ (ဤသို့၊ အပြားအားဖြင့် သိတော်မူ၏။)
ထိုသို့ နတ်ပြည်၌ ချထားခံရခြင်းသည် အဘယ့်ကြောင့်နည်းဟူမူ၊
ရဟန်းတို့၊ အကြာင့်ကြောင့်၊ ထိုပုဂ္ဂိုလ်၏၊ စိတ်သည်၊ သဒ္ဒါဖြင့် ကြည်လင်၏။ (ထိုကြောင့်ပေတည်း။)]

‘‘ဣဓာဟံ, ဘိက္ခဝေ, ဧကစ္စံ ပုဂ္ဂလံ ပသန္နစိတ္တံ ဧဝံ စေတသာ စေတော ပရိစ္စ ပဇာနာမိ။(အံ၊ ၁၊ ၈)

‘ဣမမှိ စေ အယံ သမယေ ပုဂ္ဂလော ကာလံ ကရေယျ, ယထာဘတံ နိက္ခိတ္တော ဧဝံ သဂ္ဂေ’။
တံ ကိဿ ဟေတု? စိတ္တံ ဟိဿ, ဘိက္ခဝေ, ပသန္နံ။ (အံ၊ ၁၊ ၈)

ဘိက္ခဝေ=ရဟန်းတို့၊ အဟံ=ငါဘုရားသည်၊ ဣဓ=ဤလောက၌၊ ဧကစ္စံ=အချို့သော၊ ပသန္နစိတ္တံ=သဒ္ဒါဖြင့်ကြည်လင်သော စိတ်ရှိသော၊
ပုဂ္ဂလံ=ပုဂ္ဂိုလ်ကို၊  ဧဝံ=ဤသို့၊ စေတသာ=ငါဘုရား၏စိတ်ဖြင့်၊ ဝါ-ငါဘုရား၏ စေတောပရိယဉာဏ်နှင့်တကွ ဖြစ်သောစိတ်ဖြင့်၊ ဝါ=သဗ္ဗညူတဉာဏ် ဉာဏ်နှင့်တကွ ဖြစ်သောစိတ်ဖြင့်၊ စေတော=ထိုပုဂ္ဂိုလ်၏စိတ်ကို၊ ပရိစ္စ=ခွဲခြား၍၊ ပဇာနာမိ=အပြားအားဖြင့် သိတော်မူ၏။
(ကိန္တိ=အဘယ်သို့၊ ပဇာနာမိ=အပြားအားဖြင့် သိတော်မူသနည်းဟူမူ။)
ဣမမှိ သမယေ=ပသန္နစိတ် ဖြစ်ရာ ဤအခါ၌၊ ဝါ=သဒ္ဒါဖြင့်ကြည်လင်သော စိတ်ရှိရာ ဤအခါ၌၊ အယံ ပုဂ္ဂလော=ဤပုဂ္ဂိုလ်သည်၊ ကာလံ=သေခြင်းကို၊ စေ ကရေယျ=အကယ်၍ ပြုငြားအံ့၊(ဧဝံသတိ-ဤသို့ပြုလသော်၊ အယံ ပုဂ္ဂလော=ဤပုဂ္ဂိုလ်ကို၊) အာဘတံ=တနေရာရာသို့ ဆောင်ယူ၍၊ နိက္ခိတ္တော ယထာ=ချထားအပ်သကဲ့သို့၊
ဧဝံ=ဤအတူ၊(အတ္တနော-မိမိ၏၊ ကမ္မုနာ-ကုသိုလ်ကံသည်၊) သဂ္ဂေ=နတ်အြည်၌၊ နိက္ခိတ္တော=ချထားအပ်ပြီ။ (ဣတိ=သို့၊ ပဇာနာမိ=အပြားအားဖြင့် သိတော်မူ၏။)

တံ=ထိုသို့ နတ်ပြည်၌ ချထားခံရခြင်းသည်၊ ကိဿ=အဘယ်၏၊ ဟေတု=အကြောင်းနည်း။
တံ ကိဿ ဟေတု=ထိုသို့ နတ်ပြည်၌ ချထားခံရခြင်းသည် အဘယ့်ကြောင့်နည်းဟူမူ၊
ဘိက္ခဝေ=ရဟန်းတို့၊ ဟိ-ယသ္မာ=အကြာင့်ကြောင့်၊ အဿ=ထိုပုဂ္ဂိုလ်၏၊ စိတ္တံ=စိတ်သည်၊ ပသန္နံ=သဒ္ဒါဖြင့် ကြည်လင်၏။ (ဣတိ=ထိုကြောင့်ပေတည်း။)
************

(၄) ပဏိဟိတအစ္ဆဝဂ်၊ စတုတ္ထသုတ်လာ စိတ်ကြည်လင်ခြင်းကြောင့် နတ်ပြည်ရောက်ပုံ

[ရဟန်းတို့၊ အမှန်တကယ်ပင်၊ စိတ်၏ ကြည်လင်ခြင်း ဟူသော အကြောင်းကြောင့်၊ ဤသို့၊ ဤလောက၌၊ အချို့ကုန်သော၊ သတ္တဝါတိူ့သည်၊ ဥပဒိန္ဒ ခန္ဓာကိုယ်၏၊ ပျက်စီးခြင်းဟူသော၊ သေခြင်းမှ၊ နောက်၌၊
သုခ၏ ဖြစ်ရာ ဘုံဘဝဖြစ်သော။ ရူပါရုံ အစရှိသော သမ္ပတ္တိတို့ဖြင့် လွန်စွာမြင့်မြတ်သော။ နတ်ပြည် နတ်ဘဝသို့၊ ကပ်ရောက်ကြရကုန်၏။ ဝါ=လာရောက်ကြရကုန်၏။ ဤသို့၊ မိန့်တော်မူ၏။]

စေတောပသာဒဟေတု ပန, ဘိက္ခဝေ, ဧဝမိဓေကစ္စေ သတ္တာ ကာယဿ ဘေဒါ ပရံ မရဏာ သုဂတိံ သဂ္ဂံ လောကံ ဥပပဇ္ဇန္တီ’’တိ။ (အံ၊ ၁၊ ၈)

ဘိက္ခဝေ=ရဟန်းတို့၊ ပန=အမှန်တကယ်ပင်၊ စေတောပသာဒဟေတု=စိတ်၏ ကြည်လင်ခြင်း ဟူသော အကြောင်းကြောင့်၊ ဧဝံ=ဤသို့၊ ဣဓ=ဤလောက၌၊ ဧကစ္စေ=အချို့ကုန်သော၊ သတ္တာ=သတ္တဝါတိူ့သည်၊ ကာယဿ=ဥပဒိန္ဒ ခန္ဓာကိုယ်၏၊ ဘေဒါ=ပျက်စီးခြင်းဟူသော၊ မရဏာ=သေခြင်းမှ၊ ဝါ=သေသည်မှ၊ ပရံ=နောက်၌၊ ဝါ=နောက်ဖြစ်သော ဘဝသစ်ခန္ဓာကို ယူခြင်း၌၊ ဝါ=နောက်ထပ်ယူအပ်သော ဘဝသစ်ခန္ဓာကိုယ်၌၊ (တနည်း) ကာယဿ=ဥပဒိန္ဒ ခန္ဓာကိုယ်၏ တည်တံကြောင့် ဇီဝိတိနြေ္ဒ၏၊ ဘေဒါ=ပျက်စီးကြောင်းဖြစ်သော၊ မရဏာ=စုတိစိတ်မှ၊ ဝါ=သေခြင်းသဘောတရားဖြစ်သော စုတိစိတ်မှ၊ ပရံ=နောက်၌၊ ဝါ=နောက်ဖြစ်သော ပဋိသန္ဓေစိတ်၌၊
သုဂတိံ=သုခ၏ ဖြစ်ရာ ဘုံဘဝဖြစ်သော။ ဝါ=ဒုက္ခမပါ သုခသို့သာ ရောက်ကြရာဖြစ်သော၊ သဂ္ဂံ=ရူပါရုံ အစရှိသော သမ္ပတ္တိတို့ဖြင့် လွန်စွာမြင့်မြတ်သော။ ဝါ=မြင့်မြတ်သော စိတ်ကြိုက်ရူပါရုံ စသည်တို့နှင့်တကွဖြစ်သော၊ လောကံ=နတ်ပြည် နတ်ဘဝသို့၊ ဥပပဇ္ဇန္တိ=ကပ်ရောက်ကြရကုန်၏။ ဝါ=လာရောက်ကြရကုန်၏။
(တနည်း) လောကံ=နတ်ပြည် နတ်ဘဝ၌၊ ဥပပဇ္ဇန္တိ=ဖြစ်ကြရကုန်၏။
ဣတိ-ဤသို့၊(အဝေါစ-မိန့်တော်မူပြီ)
########

(၅) ပဏိဟိတအစ္ဆဝဂ်၊ ပဉ္စမသုတ်လာ နောက်ကျူသော ရေအိုင်

[ရဟန်းတို့၊ ဥပမာပြရသော်ကား၊ ရေအိုင်သည်၊ နောက်ကျူနေသည်၊ လေကြောင့် မငြိမ်မသက် ဗောင်ခက်နေသည်၊ ညွှန်အနယ်ထသည် အဖြစ်သို့ ရောက်နေသည်၊ (ဖြစ်ငြားအံ၊)
ထိုရေအိုင်၌၊ မျက်စိအမြင်ရှိသော၊ ယောကျ်ားသည်၊ ကမ်း၌၊ ရပ်၍ကြည့်သည်၊(-ဖြစ်လသော်)၊ ယောက်သွား ခရုကိုလည်းကောင်း၊ ဝါ=ကနုကမာ ယောက်သွားကိုလည်းကောင်း၊ ကျောက်စရစ် အိုးခြမ်းကွဲကိုလည်းကောင်း၊ ငါးအုပ်စုကိုလည်းကောင်း၊ သွားနေသည်ကိုလည်းကောင်း၊ ရပ်နေသည်ကိုလည်းကောင်း၊ မမြင်နိုင်ရာ။
ထိုသို့ မမြင်ရခြင်းသည် အဘယ့်ကြောင့်နည်းဟူမူ၊
ရဟန်းတို့၊ ရေ၏၊ နောက်ကျူသည်၏ အဖြစ်ကြောင့်ပေတည်း။ ]

သေယျထာပိ, ဘိက္ခဝေ, ဥဒကရဟဒေါ အာဝိလော လုဠိတော ကလလီဘူတော တတ္ထ စက္ခုမာ ပုရိသော တီရေ ဌိတော န ပေဿယျ သိပ္ပိသမ္ဗုကမ္ပိ သက္ခရကဌလမ္ပိ မစ္ဆဂုမ္ဗမ္ပိ စရန္တမ္ပိ တိဋ္ဌန္တမ္ပိ။
တံ ကိဿ ဟေတု? အာဝိလတ္တာ, ဘိက္ခဝေ, ဥဒကဿ။  (အံ၊ ၁၊ ၈)

ဘိက္ခဝေ=ရဟန်းတို့၊ သေယျထာပိ=ဥပမာပြရသော်ကား၊ ဥဒကရဟဒေါ=ရေအိုင်သည်၊ အာဝိလော=နောက်ကျူနေသည်၊ လုဠိတော=လေကြောင့် မငြိမ်မသက် ဗောင်ခက်နေသည်၊ ကလလီဘူတော=ညွှန်အနယ်ထသည် အဖြစ်သို့ ရောက်နေသည်၊ (အဿ=ဖြစ်ငြားအံ၊)
တတ္ထ=ထိုရေအိုင်၌၊ စက္ခုမာ=မျက်စိအမြင်ရှိသော၊ ပုရိသော=ယောကျ်ားသည်၊ တီရေ=ကမ်း၌၊ ဌိတော=ရပ်သည်၊ ဝါ-ရပ်၍ကြည့်သည်၊(သမာနော-ဖြစ်လသော်)၊ သိပ္ပိသမ္ဗုကမ္ပိ=ယောက်သွား ခရုကိုလည်းကောင်း၊ ဝါ=ကနုကမာ ယောက်သွားကိုလည်းကောင်း၊ သက္ခရကဌလမ္ပိ=ကျောက်စရစ် အိုးခြမ်းကွဲကိုလည်းကောင်း၊ မစ္ဆဂုမ္ဗမ္ပိ=ငါးအုပ်စုကိုလည်းကောင်း၊ စရန္တမ္ပိ=သွားနေသည်ကိုလည်းကောင်း၊ တိဋ္ဌန္တမ္ပိ=ရပ်နေသည်ကိုလည်းကောင်း၊ န ပေဿယျ=မမြင်နိုင်ရာ။

တံ=ထိုသို့ မမြင်ရခြင်းသည်၊ ကိဿ=အဘယ်၏၊ ဟေတု=အကြောင်းနည်း။
တံ ကိဿ ဟေတု=ထိုသို့ မမြင်ရခြင်းသည် အဘယ့်ကြောင့်နည်းဟူမူ၊
ဘိက္ခဝေ=ရဟန်းတို့၊ ဥဒကဿ=ရေ၏၊ အာဝိလတ္တာ=နောက်ကျူသည်၏ အဖြစ်ကြောင့်ပေတည်း။
***********

(၅) ပဏိဟိတအစ္ဆဝဂ်၊ ပဉ္စမသုတ်လာ နောက်ကျူသောစိတ်

[ရဟန်းတို့၊ ဤအတူသာလျှင်၊ စင်စစ်အားဖြင့်၊ ထိုရဟန်းသည်၊ နိဝရဏ ငါးမျိုးမှ မလွတ်သဖြင့် နောက်ကျူသော၊ စိတ်ဖြင့်၊ မိမိ၏ အကျိုးစီးပွားကိုလည်း၊ (တနည်း) မိမိ၏ မျက်မှောက်ဘဝ၌ ဖြစ်သော လောကီ လောကုတ္တရာ ရောနှောသော အကျိုးစီးပွားကိုလည်း၊ သိနိုင်လတ္တံ့၊ သူတပါး၏ အကျိုးစီးပွားကိုလည်း၊
(တနည်း) မိမိ၏ တမလွန်ဘဝ၌ ဖြစ်သော လောကီ လောကုတ္တရာ ရောနှောသော အကျိုးစီးပွားကိုလည်း၊ သိနိုင်လတ္တံ့၊ မိမိသူတပါး နှစ်ဦးသား၏ အကျိုးစီးပွားကိုလည်း၊ ဝါ= မိမိသူတပါး နှစ်ဦးသား၏ မျက်မှောက် တမလွန် ဘဝ၌ဖြစ်သော လောကီလောကုတ္တရာ အကျိုးစီးပွားကိုလည်း၊
(တနည်း) မိမိ၏ နှစ်မျိုးစုံသော မျက်မှောက် တမလွန်ဘဝ၌ ဖြစ်သော လောကီ လောကုတ္တရာ ရောနှောသော အကျိုးစီးပွားကိုလည်း၊ သိနိုင်လတ္တံ့၊ လူတို့၏ ကုသိုလ် ကမ္မပထဆယ်ပါးထက်၊ လွန်မြတ်သော၊ အရိယာပုဂ္ဂိုလ်တို့အား သင့်လျော်သော ဉာဏ်အမြင် အထူးကိုလည်း၊ မျက်မှောက်ပြုလတ္တံ့၊
ဤသို့သော အကြောင်းသည်၊ မရှိနိုင်၊ဝါ=မဖြစ်နိုင်။
ထိုသို့ မရှိနိုင်ခြင်းသည် အဘယ့်ကြောင့်နည်းဟူမူ၊
ရဟန်းတို့၊ စိတ်၏၊ ဝါ=စိတ်ကို၊ နိဝရဏ ငါးမျိုး(မှ မလွတ်သ)ဖြင့် နောက်ကျူသည်၏ အဖြစ်ကြောင့်ပေတည်း။ ဤသို့၊ မိန်တော်မူ၏၊]

ဧဝမေဝံ ခေါ, ဘိက္ခဝေ, သော ဝတ ဘိက္ခု အာဝိလေန စိတ္တေန အတ္တတ္ထံ ဝါ ဉဿတိ ပရတ္ထံ ဝါ ဉဿတိ ဥဘယတ္ထံ ဝါ ဉဿတိ ဥတ္တရိံ ဝါ မနုဿဓမ္မာ အလမရိယဉာဏဒဿနဝိသေသံ သစ္ဆိကရိဿတီတိ နေတံ ဌာနံ ဝိဇ္ဇတိ။
တံ ကိဿ ဟေတု? အာဝိလတ္တာ, ဘိက္ခဝေ, စိတ္တဿာ’’တိ။ (အံ၊ ၁၊ ၈)

ဘိက္ခဝေ=ရဟန်းတို့၊ ဧဝမေဝံ ခေါ=ဤအတူသာလျှင်၊ ဝတ=စင်စစ်အားဖြင့်၊ သော ဘိက္ခု=ထိုရဟန်းသည်၊ အာဝိလေန=နိဝရဏ ငါးမျိုးမှ မလွတ်သဖြင့် နောက်ကျူသော၊ စိတ္တေန=စိတ်ဖြင့်၊ အတ္တတ္ထံ ဝါ= မိမိ၏ အကျိုးစီးပွားကိုလည်း၊ ဝါ= မိမိ၏ မျက်မှောက် တမလွန် ဘဝ၌ဖြစ်သော လောကီလောကုတ္တရာ အကျိုးစီးပွားကိုလည်း၊  (တနည်း) အတ္တတ္ထံ ဝါ= မိမိ၏ မျက်မှောက်ဘဝ၌ ဖြစ်သော လောကီ လောကုတ္တရာ ရောနှောသော အကျိုးစီးပွားကိုလည်း၊ ဉဿတိ=သိနိုင်လတ္တံ့၊ ပရတ္ထံ ဝါ=သူတပါး၏ အကျိုးစီးပွားကိုလည်း၊ ဝါ= သူတပါး၏ မျက်မှောက် တမလွန် ဘဝ၌ဖြစ်သော လောကီလောကုတ္တရာ အကျိုးစီးပွားကိုလည်း၊ (တနည်း) ပရတ္ထံ ဝါ= မိမိ၏ တမလွန်ဘဝ၌ ဖြစ်သော လောကီ လောကုတ္တရာ ရောနှောသော အကျိုးစီးပွားကိုလည်း၊
ဉဿတိ=သိနိုင်လတ္တံ့၊ ဥဘယတ္ထံ ဝါ=မိမိသူတပါး နှစ်ဦးသား၏ အကျိုးစီးပွားကိုလည်း၊ ဝါ= မိမိသူတပါး နှစ်ဦးသား၏ မျက်မှောက် တမလွန် ဘဝ၌ဖြစ်သော လောကီလောကုတ္တရာ အကျိုးစီးပွားကိုလည်း၊ (တနည်း) ဥဘယတ္ထံ ဝါ= မိမိ၏ နှစ်မျိုးစုံသော မျက်မှောက် တမလွန်ဘဝ၌ ဖြစ်သော လောကီ လောကုတ္တရာ ရောနှောသော အကျိုးစီးပွားကိုလည်း၊
ဉဿတိ=သိနိုင်လတ္တံ့၊ မနုဿဓမ္မာ=လူတို့၏ ကုသိုလ် ကမ္မပထဆယ်ပါးထက်၊ ဥတ္တရိံ=လွန်မြတ်သော၊
အလမရိယဉာဏဒဿနဝိသေသံ ဝါ=အရိယာပုဂ္ဂိုလ်တို့အား သင့်လျော်သော ဉာဏ်အမြင် အထူးကိုလည်း၊ ဝါ=အရိယာပုဂ္ဂိုလ် အဖြစ်ကို ပြုခြင်းငှါ စွမ်းနိုင်သော ဉာဏ်အမြင်အထူးကိုလည်း၊ သစ္ဆိကရိဿတိ=မျက်မှောက်ပြုလတ္တံ့၊
ဣတိ ဧတံ ဌာနံ=ဤသို့သော အကြောင်းသည်၊ န ဝိဇ္ဇတိ=မရှိနိုင်၊ဝါ=မဖြစ်နိုင်။
တံ=ထိုသို့ မရှိနိုင်ခြင်းသည်၊ ကိဿ=အဘယ်၏၊ ဟေတု=အကြောင်းနည်း။
တံ ကိဿ ဟေတု=ထိုသို့ မရှိနိုင်ခြင်းသည် အဘယ့်ကြောင့်နည်းဟူမူ၊
ဘိက္ခဝေ=ရဟန်းတို့၊ စိတ္တဿ=စိတ်၏၊ ဝါ=စိတ်ကို၊ အာဝိလတ္တာ=နိဝရဏ ငါးမျိုး(မှ မလွတ်သ)ဖြင့် နောက်ကျူသည်၏ အဖြစ်ကြောင့်ပေတည်း။ ဣတိ-ဤသို့၊(အဝေါစ-မိန့်တော်မူပြီ)
########

(၆) ပဏိဟိတအစ္ဆဝဂ်၊ ဆဋ္ဌသုတ်လာ မနောက်ကျူသော ရေအိုင် 

[ရဟန်းတို့၊ ဥပမာပြရသော်ကား၊ ရေအိုင်သည်၊ ကြည်လင်သည်၊ အထူးကြည်လင်သည်၊ မနောက်ကျူသည်၊ (ဖြစ်ငြားအံ၊)
ထိုရေအိုင်၌၊ မျက်စိအမြင်ရှိသော၊ ယောကျ်ားသည်၊ ကမ်း၌၊ ရပ်၍ကြည့်သည်၊(ဖြစ်လသော်)၊ ယောက်သွား ခရုကိုလည်းကောင်း၊ ကျောက်စရစ် အိုးခြမ်းကွဲကိုလည်းကောင်း၊ ငါးအုပ်စုကိုလည်းကောင်း၊ သွားနေသည်ကိုလည်းကောင်း၊ ရပ်နေသည်ကိုလည်းကောင်း၊ မြင်နိုင်ရာ၏။

ထိုသို့ မြင်နိုင်ခြင်းသည် အဘယ့်ကြောင့်နည်းဟူမူ၊
ရဟန်းတို့၊ ရေ၏၊ မနောက်ကျူသည်၏ အဖြစ်ကြောင့်ပေတည်း။]

သေယျထာပိ, ဘိက္ခဝေ, ဥဒကရဟဒေါ အစ္ဆော ဝိပ္ပသန္နော အနာဝိလော တတ္ထ စက္ခုမာ ပုရိသော တီရေ ဌိတော ပေဿယျ သိပ္ပိသမ္ဗုကမ္ပိ သက္ခရကဌလမ္ပိ မစ္ဆဂုမ္ဗမ္ပိ စရန္တမ္ပိ တိဋ္ဌန္တမ္ပိ။ တံ ကိဿ ဟေတု? အနာဝိလတ္တာ, ဘိက္ခဝေ, ဥဒကဿ။ (အံ၊ ၁၊ ၈)

ဘိက္ခဝေ=ရဟန်းတို့၊ သေယျထာပိ=ဥပမာပြရသော်ကား၊ ဥဒကရဟဒေါ=ရေအိုင်သည်၊ အစ္ဆော=မပျစ်မတွဲကွဲသည်၊ ဝါ=ကြည်လင်သည်၊ ဝိပ္ပသန္နော=အထူးကြည်လင်သည်၊ အနာဝိလော=မနောက်ကျူသည်၊ (အဿ=ဖြစ်ငြားအံ၊)
တတ္ထ=ထိုရေအိုင်၌၊ စက္ခုမာ=မျက်စိအမြင်ရှိသော၊ ပုရိသော=ယောကျ်ားသည်၊ တီရေ=ကမ်း၌၊ ဌိတော=ရပ်သည်၊ ဝါ-ရပ်၍ကြည့်သည်၊(သမာနော-ဖြစ်လသော်)၊ သိပ္ပိသမ္ဗုကမ္ပိ=ယောက်သွား ခရုကိုလည်းကောင်း၊ ဝါ=ကနုကမာ ယောက်သွားကိုလည်းကောင်း၊ သက္ခရကဌလမ္ပိ=ကျောက်စရစ် အိုးခြမ်းကွဲကိုလည်းကောင်း၊ မစ္ဆဂုမ္ဗမ္ပိ=ငါးအုပ်စုကိုလည်းကောင်း၊ စရန္တမ္ပိ=သွားနေသည်ကိုလည်းကောင်း၊ တိဋ္ဌန္တမ္ပိ=ရပ်နေသည်ကိုလည်းကောင်း၊ ပေဿယျ=မြင်နိုင်ရာ၏။

တံ=ထိုသို့ မြင်နိုင်ခြင်းသည်၊ ကိဿ=အဘယ်၏၊ ဟေတု=အကြောင်းနည်း။
တံ ကိဿ ဟေတု=ထိုသို့ မြင်နိုင်ခြင်းသည် အဘယ့်ကြောင့်နည်းဟူမူ၊
ဘိက္ခဝေ=ရဟန်းတို့၊ ဥဒကဿ=ရေ၏၊ အနာဝိလတ္တာ=မနောက်ကျူသည်၏ အဖြစ်ကြောင့်ပေတည်း။
#######

(၆) ပဏိဟိတအစ္ဆဝဂ်၊ ဆဋ္ဌသုတ်လာ မနောက်ကျူသောစိတ်

[ရဟန်းတို့၊ ဤအတူသာလျှင်၊ စင်စစ်အားဖြင့်၊ ထိုရဟန်းသည်၊ နိဝရဏ ငါးမျိုးမှ ကင်းလွတ်သဖြင့် မနောက်ကျူသော၊ စိတ်ဖြင့်၊ မိမိ၏ အကျိုးစီးပွားကိုလည်း၊ သိနိုင်လတ္တံ့၊ သူတပါး၏ အကျိုးစီးပွားကိုလည်း၊ သိနိုင်လတ္တံ့၊ မိမိသူတပါး နှစ်ဦးသား၏ အကျိုးစီးပွားကိုလည်း၊ သိနိုင်လတ္တံ့၊ လူတို့၏ ကုသိုလ် ကမ္မပထဆယ်ပါးထက်၊ လွန်မြတ်သော၊ အရိယာပုဂ္ဂိုလ်တို့အား သင့်လျော်သော ဉာဏ်အမြင် အထူးကိုလည်း၊ မျက်မှောက်ပြုလတ္တံ့၊
ဤသို့သော အကြောင်းသည်၊ ရှိနိုင်၏၊ဝါ=ဖြစ်နိုင်၏။
ထိုသို့ ရှိနိုင်ခြင်းသည် အဘယ့်ကြောင့်နည်းဟူမူ၊
ရဟန်းတို့၊ စိတ်၏၊ ဝါ=စိတ်ကို၊ နိဝရဏ ငါးမျိုးမှ လွတ်သဖြင့် မနောက်ကျူသည်၏ အဖြစ်ကြောင့်ပေတည်း။ ဤသို့ မိန့်တော်မူပြီ]

ဧဝမေဝံ ခေါ, ဘိက္ခဝေ, သော ဝတ ဘိက္ခု အနာဝိလေန စိတ္တေန အတ္တတ္ထံ ဝါ ဉဿတိ ပရတ္ထံ ဝါ ဉဿတိ ဥဘယတ္ထံ ဝါ ဉဿတိ ဥတ္တရိံ ဝါ မနုဿဓမ္မာ အလမရိယဉာဏဒဿနဝိသေသံ သစ္ဆိကရိဿတီတိ ဌာနမေတံ ဝိဇ္ဇတိ။
တံ ကိဿ ဟေတု? အနာဝိလတ္တာ, ဘိက္ခဝေ, စိတ္တဿာ’’တိ။ (အံ၊ ၁၊ ၈)

ဘိက္ခဝေ=ရဟန်းတို့၊ ဧဝမေဝံ ခေါ=ဤအတူသာလျှင်၊ ဝတ=စင်စစ်အားဖြင့်၊ သော ဘိက္ခု=ထိုရဟန်းသည်၊ အနာဝိလေန=နိဝရဏ ငါးမျိုးမှ ကင်းလွတ်သဖြင့် မနောက်ကျူသော၊ စိတ္တေန=စိတ်ဖြင့်၊ အတ္တတ္ထံ ဝါ= မိမိ၏ အကျိုးစီးပွားကိုလည်း၊ ဝါ= မိမိ၏ မျက်မှောက် တမလွန် ဘဝ၌ဖြစ်သော လောကီလောကုတ္တရာ အကျိုးစီးပွားကိုလည်း၊  (တနည်း) အတ္တတ္ထံ ဝါ= မိမိ၏ မျက်မှောက်ဘဝ၌ ဖြစ်သော လောကီ လောကုတ္တရာ ရောနှောသော အကျိုးစီးပွားကိုလည်း၊ ဉဿတိ=သိနိုင်လတ္တံ့၊ ပရတ္ထံ ဝါ=သူတပါး၏ အကျိုးစီးပွားကိုလည်း၊ ဝါ= သူတပါး၏ မျက်မှောက် တမလွန် ဘဝ၌ဖြစ်သော လောကီလောကုတ္တရာ အကျိုးစီးပွားကိုလည်း၊ (တနည်း) ပရတ္ထံ ဝါ= မိမိ၏ တမလွန်ဘဝ၌ ဖြစ်သော လောကီ လောကုတ္တရာ ရောနှောသော အကျိုးစီးပွားကိုလည်း၊
ဉဿတိ=သိနိုင်လတ္တံ့၊ ဥဘယတ္ထံ ဝါ=မိမိသူတပါး နှစ်ဦးသား၏ အကျိုးစီးပွားကိုလည်း၊ ဝါ= မိမိသူတပါး နှစ်ဦးသား၏ မျက်မှောက် တမလွန် ဘဝ၌ဖြစ်သော လောကီလောကုတ္တရာ အကျိုးစီးပွားကိုလည်း၊ (တနည်း) ဥဘယတ္ထံ ဝါ= မိမိ၏ နှစ်မျိုးစုံသော မျက်မှောက် တမလွန်ဘဝ၌ ဖြစ်သော လောကီ လောကုတ္တရာ ရောနှောသော အကျိုးစီးပွားကိုလည်း၊
ဉဿတိ=သိနိုင်လတ္တံ့၊ မနုဿဓမ္မာ=လူတို့၏ ကုသိုလ် ကမ္မပထဆယ်ပါးထက်၊ ဥတ္တရိံ=လွန်မြတ်သော၊
အလမရိယဉာဏဒဿနဝိသေသံ ဝါ=အရိယာပုဂ္ဂိုလ်တို့အား သင့်လျော်သော ဉာဏ်အမြင် အထူးကိုလည်း၊ ဝါ=အရိယာပုဂ္ဂိုလ် အဖြစ်ကို ပြုခြင်းငှါ စွမ်းနိုင်သော ဉာဏ်အမြင်အထူးကိုလည်း၊ သစ္ဆိကရိဿတိ=မျက်မှောက်ပြုလတ္တံ့၊
ဣတိ ဧတံ ဌာနံ=ဤသို့သော အကြောင်းသည်၊ ဝိဇ္ဇတိ=ရှိနိုင်၏၊ဝါ=ဖြစ်နိုင်၏။
တံ=ထိုသို့ ရှိနိုင်ခြင်းသည်၊ ကိဿ=အဘယ်၏၊ ဟေတု=အကြောင်းနည်း။
တံ ကိဿ ဟေတု=ထိုသို့ ရှိနိုင်ခြင်းသည် အဘယ့်ကြောင့်နည်းဟူမူ၊
ဘိက္ခဝေ=ရဟန်းတို့၊ စိတ္တဿ=စိတ်၏၊ ဝါ=စိတ်ကို၊ အနာဝိလတ္တာ=နိဝရဏ ငါးမျိုးမှ လွတ်သဖြင့် မနောက်ကျူသည်၏ အဖြစ်ကြောင့်ပေတည်း။ ဣတိ-ဤသို့၊(အဝေါစ-မိန့်တော်မူပြီ)
#########

(၇) ပဏိဟိတအစ္ဆဝဂ်၊ သတ္တမသုတ်လာ သစ်ပင်တို့တွင့် ကြို့ပင်သည် မြတ်ပုံ

[ရဟန်းတို့၊ ဥပမာပြရသော်ကား၊ အားလုံးစုံသော သစ်ပင်တို့သည်၊(ရှိကုန်၏၊)
ထိုအားလုံးသော သစ်ပင်တို့တွင်၊ ကြို့ပင်ကို၊ နုညံ့သည်၏ အဖြစ်အားဖြင့်လည်းကောင်း၊ အမှုကိစ္စ၌ လျှောက်ပတ်သည်၏အဖြဟ်အားဖြင့်လည်းကောင်း၊ အသာဆုံးဟူ၍၊ ဆိုအပ်၏။]

သေယျထာပိ, ဘိက္ခဝေ, ယာနိ ကာနိစိ ရုက္ခဇာတာနံ ဖန္ဒနော တေသံ အဂ္ဂမက္ခာယတိ ယဒိဒံ မုဒုတာယ စေဝ ကမ္မညတာယ စ။ (အံ၊ ၁၊ ၈-၉)

ဘိက္ခဝေ=ရဟန်းတို့၊ သေယျထာပိ=ဥပမာပြရသော်ကား၊ ယာနိ ကာနိစိ ရုက္ခဇာတာနံ=အားလုံးစုံသော သစ်ပင်တို့သည်၊(သန္တိ-ရှိကုန်၏၊)
တေသံ=ထိုအားလုံးသော သစ်ပင်တို့တွင်၊ ဖန္ဒနော=ကြို့ပင်ကို၊
မုဒုတာယ စေဝ=နုညံ့သည်၏ အဖြစ်အားဖြင့်လည်းကောင်း၊ ကမ္မညတာယ စ=အမှုကိစ္စ၌ လျှောက်ပတ်သည်၏အဖြဟ်အားဖြင့်လည်းကောင်း၊
အဂ္ဂံ-အဂ္ဂေါ=အသာဆုံးဟူ၍၊ အက္ခာယတိ=ဆိုအပ်၏။
*********

(၇) ပဏိဟိတအစ္ဆဝဂ်၊ သတ္တမသုတ်လာ ပွားများသောစိတ်သည် နုညံ၍ အမှုကိစ္စ လုပ်နိုင်ပုံ

[ရဟန်းတို့၊ ဤအတူသာလျှင်၊ သမထ ဝိပဿနာ အစွမ်းဖြင့် ဖြစ်ပွားစေအပ်သော ဤစိတ်ကဲ့သို့၊ ဝါ-ဤ အဘိညာဉ်၏အခြေခံ စတုတ္ထဈာန်စိတ်ကဲ့သို့၊ ဤအတူ၊ အကြင်တရား သဘောသည်၊ သမထဝိပဿနာ အစွမ်းဖြင့် ဖြစ်ပွားစေအပ်သည်၊ သမထဝိပဿနာ အစွမ်းဖြင့် ကြိမ်ဖန်များစွာ အလေ့အလာ ပြုအပ်သည်၊ (ဖြစ်၍၊ ဝါ-ဖြစ်ခြင်းကြောင့်၊) နုညံ့သည်လည်းကောင်း၊ သမထဝိပဿနာ အမှုကိစ္စ၌ ခိုင်ခန့်လျောက်ပတ်သည်လည်းကောင်း၊ ဖြစ်၏၊ သမထဝိပဿနာ အစွမ်းဖြင့် ဖြစ်ပွားစေအပ်သော စိတ်မှ တပါးသော၊ ထိုတခုတည်းသော တရားကိုမျှလည်း၊ ငါဘုရားသည်၊ မြင်တော်မမူ။

ရဟန်းတို့၊ စိတ်သည်၊ သမထဝိပဿနာ အစွမ်းဖြင့် ဖြစ်ပွားစေအပ်သည်၊ သမထဝိပဿနာ အစွမ်းဖြင့် ကြိမ်ဖန်များစွာ အလေ့အလာ ပြုအပ်သည်၊ (ဖြစ်၍၊ ဝါ-ဖြစ်ခြင်းကြောင့်၊) နုညံ့သည်လည်း၊ ဖြစ်၏၊ သမထဝိပဿနာ အမှုကိစ္စ၌ ခိုင်ခန့်လျောက်ပတ်သည်လည်း၊ ဖြစ်၏၊ ဤသို့မိန့်တော်မူပြီ]

ဧဝမေဝံ ခေါ အဟံ, ဘိက္ခဝေ, နာညံ ဧကဓမ္မမ္ပိ သမနုပဿာမိ ယံ ဧဝံ ဘာဝိတံ ဗဟုလီကတံ မုဒု စ ဟောတိ ကမ္မညဉ္စ ယထယိဒံ စိတ္တံ။
စိတ္တံ, ဘိက္ခဝေ, ဘာဝိတံ ဗဟုလီကတံ မုဒု စ ဟောတိ ကမ္မညဉ္စ ဟောတီ’’တိ။ (အံ၊ ၁၊ ၈-၉)

ဘိက္ခဝေ=ရဟန်းတို့၊ ဧဝမေဝံ ခေါ=ဤအတူသာလျှင်၊ ဣဒံ စိတ္တံ ယထာ=သမထ ဝိပဿနာ အစွမ်းဖြင့် ဖြစ်ပွားစေအပ်သော ဤစိတ်ကဲ့သို့၊ ဝါ-ဤ အဘိညာဉ်၏အခြေခံ စတုတ္ထဈာန်စိတ်ကဲ့သို့၊ ဧဝံ=ဤအတူ၊ ယံ=အကြင်တရား သဘောသည်၊ ဘာဝိတံ=သမထဝိပဿနာ အစွမ်းဖြင့် ဖြစ်ပွားစေအပ်သည်၊ ဗဟုလီကတံ=သမထဝိပဿနာ အစွမ်းဖြင့် ကြိမ်ဖန်များစွာ အလေ့အလာ ပြုအပ်သည်၊ (ဟုတွာ-ဖြစ်၍၊ ဝါ-ဖြစ်ခြင်းကြောင့်၊) မုဒု စ=နုညံ့သည်လည်းကောင်း၊
ကမ္မညဉ္စ=သမထဝိပဿနာ အမှုကိစ္စ၌ ခိုင်ခန့်လျောက်ပတ်သည်လည်းကောင်း၊ ဟောတိ=ဖြစ်၏၊ အညံ=သမထဝိပဿနာ အစွမ်းဖြင့် ဖြစ်ပွားစေအပ်သော စိတ်မှ တပါးသော၊ တံ ဧကဓမ္မမ္ပိ=ထိုတခုတည်းသော တရားကိုမျှလည်း၊ အဟံ=ငါဘုရားသည်၊ န သမနုပဿာမိ=မြင်တော်မမူ။

ဘိက္ခဝေ=ရဟန်းတို့၊ စိတ္တံ=စိတ်သည်၊ ဘာဝိတံ=သမထဝိပဿနာ အစွမ်းဖြင့် ဖြစ်ပွားစေအပ်သည်၊ ဗဟုလီကတံ=သမထဝိပဿနာ အစွမ်းဖြင့် ကြိမ်ဖန်များစွာ အလေ့အလာ ပြုအပ်သည်၊ (ဟုတွာ-ဖြစ်၍၊ ဝါ-ဖြစ်ခြင်းကြောင့်၊) မုဒု စ=နုညံ့သည်လည်း၊ ဟောတိ=ဖြစ်၏၊ ကမ္မညဉ္စ=သမထဝိပဿနာ အမှုကိစ္စ၌ ခိုင်ခန့်လျောက်ပတ်သည်လည်း၊ ဟောတိ=ဖြစ်၏၊ ဣတိ-ဤသို့၊(အဝေါစ-မိန့်တော်မူပြီ)
########

(၈) ပဏိဟိတအစ္ဆဝဂ်၊ အဋ္ဌမသုတ်လာ စိတ်လျင်မြန်ပုံ ဥပမာ မရှိခြင်း

[ရဟန်းတို့၊ ဤစိတ်ကဲ့သို့၊ ဝါ=စိန်အကျယ် ၁၂၁ ပါး,စိတ်အကျဉ်း ၈၉ပါးဟုဆိုအပ်သော ဤစိတ်ကဲ့သို့၊ ဤအတူ၊ အကြင်တရား သဘောသည်၊ လျင်မြန်စွာ ပြောင်လဲတတ်၏၊ သမထဝိပဿနာ အစွမ်းဖြင့် ဖြစ်ပွားစေအပ်သော စိတ်မှ တပါးသော၊ ထိုတခုတည်းသော တရားကိုမျှလည်း၊ ငါသည်၊ မြင်တော်မမူ။
ရဟန်းတို့၊(စိတ်၏၊ လျင်မြန်စွာ ပြောင်လဲတတ်၏အဖြစ်၌) ဥပမာကိုမျှလည်း၊ အလွန်အကဲပင်၊ လွယ်ကူစွာ မပြုအပ်၊ ဝါ=ပြုဖို့ရန်မလွယ်ကူ။ စိတ်သည်။ အလွန်အကဲပင်၊ လျင်မြန်စွာ ပြောင်းလဲတတ်၏၊ ဤသို့မိန့်တော်မူပြီ]

‘‘နာဟံ, ဘိက္ခဝေ, အညံ ဧကဓမ္မမ္ပိ သမနုပဿာမိ ယံ ဧဝံ လဟုပရိဝတ္တံ ယထယိဒံ စိတ္တံ။ ယာဝဉ္စိဒံ, ဘိက္ခဝေ, ဥပမာပိ န သုကရာ ယာဝ လဟုပရိဝတ္တံ စိတ္တန္တိ။ (အံ၊ ၁၊ ၉)

ဘိက္ခဝေ=ရဟန်းတို့၊ ဣဒံ စိတ္တံ ယထာ= ဤစိတ်ကဲ့သို့၊ ဝါ=စိန်အကျယ် ၁၂၁ ပါး,စိတ်အကျဉ်း ၈၉ပါးဟုဆိုအပ်သော ဤစိတ်ကဲ့သို့၊ ဧဝံ=ဤအတူ၊ ယံ=အကြင်တရား သဘောသည်၊ လဟုပရိဝတ္တံ=လျင်မြန်စွာ ပြောင်လဲတတ်၏၊ အညံ=သမထဝိပဿနာ အစွမ်းဖြင့် ဖြစ်ပွားစေအပ်သော စိတ်မှ တပါးသော၊ တံ ဧကဓမ္မမ္ပိ=ထိုတခုတည်းသော တရားကိုမျှလည်း၊ အဟံ=ငါသည်၊ န သမနုပဿာမိ=မြင်တော်မမူ။
ဘိက္ခဝေ=ရဟန်းတို့၊(စိတ္တဿ=စိတ်၏၊ လဟုပရိဝတ္တတာယ=လျင်မြန်စွာ ပြောင်လဲတတ်၏အဖြစ်၌၊ ဝါ=အပြောင်းအလဲ လျင်မြန်ခြင်း၌၊ ဝါ=အပြောင်းအလဲ လျင်မြန်ခြင်း၏၊)
ဥပမာပိ=ဥပမာကိုမျှလည်း၊
ယာဝဉ္စ=အလွန်အကဲပင်၊ န သုကရာ=လွယ်ကူစွာ မပြုအပ်၊ ဝါ=ပြုဖို့ရန်မလွယ်ကူ။ စိတ္တံ=စိတ်သည်။ ယာဝ=အလွန်အကဲပင်၊ လဟုပရိဝတ္တံ=လျင်မြန်စွာ ပြောင်းလဲတတ်၏၊ ဣတိ-ဤသို့၊(အဝေါစ-မိန့်တော်မူပြီ)
########

(၉) ပဏိဟိတအစ္ဆဝဂ်၊ နဝမသုတ်လာ ဖြူစင်သော ဘဝင်စိတ်သည် ဧည့်သည်ဖြစ်သော ဥပက္ကိလေသာကြောင့် ညစ်နွမ်းရခြင်း

[ရဟန်းတို့၊ ဤဘဝင်စိတ်သည်၊ ပြိုးပြိုးပျက်ပျက် ထွက်သော အရောင်ရှိ၏၊ ဝါ=ပင်ကိုယ်သဘောအားဖြင့် ဖြူစင်၏၊ ထိုဘဝင်စိတ်သည်လည်း၊ ဧည့်သည် ဖြစ်ကုန်သော၊ ရာဂစသော အညစ်အကြေးတို့ကြောင့်၊ မည်းညစ်ရ၏။ ဤသို့မိန်တော်မူပြီ၊]

‘‘ပဘဿရမိဒံ, ဘိက္ခဝေ, စိတ္တံ။ တဉ္စ ခေါ အာဂန္တုကေဟိ ဥပက္ကိလေသေဟိ ဥပက္ကိလိဋ္ဌ’’န္တိ။ (အံ၊ ၁၊ ၉)

ဘိက္ခဝေ=ရဟန်းတို့၊ ဣဒံ စိတ္တံ=ဤဘဝင်စိတ်သည်၊ ပဘဿရံ=ပြိုးပြိုးပျက်ပျက် ထွက်သော အရောင်ရှိ၏၊ ဝါ=ပင်ကိုယ်သဘောအားဖြင့် ဖြူစင်၏၊ တဉ္စ ခေါ=ထိုဘဝင်စိတ်သည်လည်း၊ အာဂန္တုကေဟိ=ဧည့်သည် ဖြစ်ကုန်သော၊ ဝါ=ဘဝင်စိတ်နှင့် အတူတကွ ဖြစ်သည် မဟုတ်ဘဲ ဘဝင်စိတ်၏ နောက်ဝယ် ဇောခဏရောက်မှ ဖြစ်ကြသောကြောင့် ဧည့်သည်ဟု ဆိုအပ်ကုန်သော၊ ဥပက္ကိလေသေဟိ=ရာဂစသော အညစ်အကြေးတို့ကြောင့်၊ ဝါ=စိတ်အစဉ်ကို ပူးကပ်၍ နှိပ်စက်တတ် ပူပန်စေတတ်သော ရာဂစသော အညစ်အကြေးကြောင့်၊ ဥပက္ကိလိဋ္ဌံ=မည်းညစ်ရ၏။ ဣတိ-ဤသို့၊(အဝေါစ-မိန့်တော်မူပြီ)။
#####

(၁၀) ပဏိဟိတအစ္ဆဝဂ်၊ ဒသမသုတ်လာ ဖြူစင်သော ဘဝင်စိတ်သည် ဧည့်သည်ဖြစ်သော ဥပက္ကိလေသာမှ လွတ်ခြင်း

[ရဟန်းတို့၊ ဤဘဝင်စိတ်သည်၊ ပြိုးပြိုးပျက်ပျက် ထွက်သော အရောင်ရှိ၏၊ ထိုဘဝင်စိတ်သည်လည်း၊ ဧည့်သည် ဖြစ်ကုန်သော၊ ရာဂစသော အညစ်အကြေးတို့မှ၊ ကင်းလွတ်၏၊ ဤသို့ မိန့်တော်မူပြီ။]

‘‘ပဘဿရမိဒံ, ဘိက္ခဝေ, စိတ္တံ။ တဉ္စ ခေါ အာဂန္တုကေဟိ ဥပက္ကိလေသေဟိ ဝိပ္ပမုတ္တ’’န္တိ။ (အံ၊ ၁၊ ၁၀)

ဘိက္ခဝေ=ရဟန်းတို့၊ ဣဒံ စိတ္တံ=ဤဘဝင်စိတ်သည်၊ ပဘဿရံ=ပြိုးပြိုးပျက်ပျက် ထွက်သော အရောင်ရှိ၏၊ ဝါ=ပင်ကိုယ်သဘောအားဖြင့် ဖြူစင်၏၊ တဉ္စ ခေါ=ထိုဘဝင်စိတ်သည်လည်း၊ အာဂန္တုကေဟိ=ဧည့်သည် ဖြစ်ကုန်သော၊ ဝါ=ဘဝင်စိတ်နှင့် အတူတကွ ဖြစ်သည် မဟုတ်ဘဲ ဘဝင်စိတ်၏ နောက်ဝယ် ဇောခဏရောက်မှ ဖြစ်ကြသောကြောင့် ဧည့်သည်ဟု ဆိုအပ်ကုန်သော၊ ဥပက္ကိလေသေဟိ=ရာဂစသော အညစ်အကြေးတို့မှ၊ ဝါ=စိတ်အစဉ်ကို ပူးကပ်၍ နှိပ်စက်တတ် ပူပန်စေတတ်သော ရာဂစသော အညစ်အကြေးမှ၊ ဝိပ္ပမုတ္တံ=ကင်းလွတ်၏၊ ဝါ=ဇောခဏ၌ ဖြစ်သော ကုသိုလ်စိတ်၏ အစွမ်းဖြင့်ကင်းလွတ်၏။ ဣတိ-ဤသို့၊(အဝေါစ-မိန့်တော်မူပြီ)။
#####
အဂုၤတ္တိုရ်အလင်းအိမ်