Saturday, October 19, 2019

အချိန်ကာလအောက်က အင်္ဂုတ္တိုရ်ပါဠိတော်၏ထုပ်ပိုးမှုအပြောင်းအလဲ

အချိန်ကာလအောက်က အင်္ဂုတ္တိုရ်ပါဠိတော်၏ထုပ်ပိုးမှုအပြောင်းအလဲ

ပိဋကတ်တော်များကို အရေအတွက်အားဖြင့်ဖွဲ့စည်းရာတွင် အကြောင်းအရာတူ၊ အရေအတွက် တူကို အခြေခံ၍ ဖွဲ့စည်းသည့်ပုံစံနှင့် ပမာဏ သို့မဟုတ် ရေးသားသည့်ပစ္စည်း၀တ္ထုကိုအခြေခံ၍ ဖွဲ့စည်းသည့်ပုံစံဟူ၍ နှစ်မျိုးတွေ့နိုင်သည်။ ဥပမာ သံယုတ်ပါဠိတော်များသည် အကြောင်းအရာတူကို အခြေခံ၍ဖွဲ့စည်းလျှင် ၅ကျမ်းဖြစ်ပြီး စာအုပ်စသောရေးသားသည့်ပစ္စည်း၀တ္ထုကို အခြေခံ၍ဖွဲ့စည်းလျှင် ဆဋ္ဌမူအရ ၃အုပ်ဖြစ်သည်။ အလားတူ အင်္ဂုတ္တိုရ်ပါဠိတော်များသည် အရေအတွက်တူကို အခြေခံ၍ ဖွဲ့စည်းလျှင် ၁၁ကျမ်းဖြစ်ပြီး ရေးသားသည့်ပစ္စည်း၀တ္ထုကို အခြေခံ၍ဖွဲ့စည်းလျှင် ၃အုပ်ဖြစ်သည်။ ၁၁ကျမ်း တွင်လည်း ပို၍အသေးစိတ်လျှင် စိတ္တပရိယာဒါနသုတ်အစရှိသည်ဖြင့် ၉၅၅၇သုတ် ရှိသည် (ဣမေသု ဧကာဒသနိပါတေသု သတ္တပညာသန၀သုတ္တသဟဿာနိ ဟောန္တိ။ စူဠဂန္ထဝံသ၊ ၃။ နေမိန္ဒရ၊ ကီ ၀မ်း ၅-၇။)။ ဤဖွဲ့စည်းပုံသည် စာအုပ်ဖြစ်စေ၊ ပေထုပ်ဖြစ်စေ ဂဏန်းအရေအတွက် အတူတူဖြစ်သည်။ သို့ဖြစ်၍ ယင်းကို သီးသန့်စီစစ်ရန်မရှိဘဲ ဒုတိယနည်းဖြင့်ခွဲဝေသည့် စာအုပ်အရေအတွက်ကို စီစစ်ရန်လိုသည်။
---------------

ကိုယ်ပိုင်ဟန်
စာအုပ်ချင်းပင်တူသော်လည်း စီစဉ်သူတို့၏အခြေအနေပေါ်မူတည်၍ ထေရဝါဒနိုင်ငံများတွင် ကွဲပြားသည်ကို တွေ့ရသည်။ နမူနာအားဖြင့် အဂုင်္တ္တိုရ်ပါဠိတော်သည် -
၁။ မြန်မာဆဋ္ဌမူနှင့်ပဉ္စမူတွင် ဧကကနိပါတ်မှ စတုက္ကနိပါတ်အထိ တစ်အုပ်၊ ပဉ္စကနိပါတ်မှ သတ္တကနိပါတ် အထိ တစ်အုပ်၊ အဋ္ဌကနိပါတ်မှ ဧကာဒသမနိပါတ်အထိ တစ်အုပ်စီစဉ်၍ ၃အုပ်ရှိသည်။
၂။ ခမာမူနှင့် ထိုင်း (သျှာမရဋ္ဌ) မူတွင် ဧကကနိပါတ်မှ တိကနိပါတ်အထိ တစ်အုပ်၊ စတုက္ကနိပါတ် အတွက် တစ်အုပ်၊ ပဉ္စကနှင့် ဆက္ကနိပါတ်အတွက် တစ်အုပ်၊ သတ္တကမှ န၀ကနိပါတ်အထိ တစ်အုပ်၊ ဒသကမှ ဧကာဒသမနိပါတ်အထိ တစ်အုပ်စီစဉ်၍ ၅အုပ်ရှိသည်။
၃။ သီဟိုဠ်မူနှင့်လာအိုမူတွင် ဧကကမှ တိကနိပါတ်အထိ တစ်အုပ်၊ စတုက္ကနိပါတ်အတွက် တစ်အုပ်၊ ပဉ္စကနိပါတ်အတွက် တစ်အုပ်၊ ဆက္က၊ သတ္တကနိပါတ်အတွက် တစ်အုပ်၊ အဋ္ဌက၊ န၀ကနိပါတ် အတွက် တစ်အုပ်၊ ဒသက၊ ဧကာဒသနိပါတ်အတွက် တစ်အုပ်စီစဉ်၍ ၆အုပ်ရှိသည်။ သို့ဖြစ်၍ ထေရဝါဒ ငါးမူတွင် စာအုပ်စသောရေးသားသည့်ပစ္စည်း၀တ္ထုကိုအခြေခံ၍ စီစဉ်ပုံ၃အုပ်စုကွဲသွားသည်။
-----------

ခေတ်အလိုက်မှတ်တမ်းများ
မြန်မာနိုင်ငံတွင်လည်း အခြားထေရဝါဒနိုင်ငံများကဲ့သို့ ပုံနှိပ်စာအုပ်ပုံစံအဖြစ် မရောက်ရှိသေးချိန်တွင် ပေမူပုံစံဖြင့် နှစ်ပေါင်းများစွာ ပိဋကတ်ပြန့်ပွါးခဲ့ရသည်ဖြစ်ရာ ထိုအချိန်တွင်လည်း အင်္ဂုတ္တိုရ် ပါဠိတော်သည် ယခုခေတ်၃အုပ်ရှိသကဲ့သို့ပင် ပေထုပ်အနေဖြင့် ၃ထုပ်ပင်ရှိခဲ့သလောဟူသော မေးခွန်းကို ဖြေဆိုကြည့်ရာမှ ဤမှတ်တမ်းပေါ်ထွက်လာသည်။

ပုဂံခေတ်မှတ်တမ်း (? -၁၂၉၇)
သိင်္ဃဝီရ်သုဇ္ဇဗိုလ်ကျောက်စာ (၁၂၂၃ အေဒီ)
အင်္ဂုတ္တရနိကာယ် ၁၀က္လျံ [သိင်္ဃဝီရ်သုဇ္ဇဗိုလ် ကြောင်း ၉]
အင်္ဂုတ္တရနိကာယ်ပါတ် အဌကထာ ဋီကာ ၁၀က္လျမ် [သိင်္ဃဝီရိသုဇ္ဇဗိုလ် ကြောင်း ၂၃]
ပထမဖေါ်ပြချက်တွင် ၁၀ကျမ်းဟု သာမညသာဖေါ်ပြသော်လည်း ဒုတိယဖေါ်ပြချက်တွင် ယင်း၁၀ကျမ်း ဟူသည် ပါဠိတော်၊ အဋ္ဌကထာ၊ ဋီကာများကို စုပေါင်း၍ ရေတွက်ထားခြင်းဖြစ်ကြောင်း သိလာရသည်။ သို့ရာတွင် ယင်း၁၀ကျမ်းတွင် ပါဠိတော်ထုပ်ရေမည်မျှ၊ အဋ္ဌကထာထုပ်ရေမည်မျှစသည်ဖြင့် ဖေါ်ပြခြင်းမရှိ၍ သေသေချာချာမသိရသေး။
-----------

အင်းဝခေတ်မှတ်တမ်း (၁၃၆၄ - ၁၅၅၅ အေဒီ)
တက်နွယ်ကျောင်းကျောက်စာ (၁၄၄၂ အေဒီ)
၁။ ပတ်အစ်ဒုတ်တိက် အဂုင်္တ္တုဝ်၊
၂။ ပတ် စတုနိပတ် အင်္ဂုတ္တုဝ်၊
၃။ ပတ်ပည္စနိပတ် အင်္ဂုတ္တုဝ်၊
၄။ ပတ်ဆသတ္တနိပတ် အင်္ဂုတ္တိုဝ်၊
၅။ ပတ် အဋ္ဌန၀နိပတ် အင်္ဂုတ္တို၀်၊
၆။ ပတ် ဒသ ဧကာဒသ နိပတ် အင်္ဂုတ္တို၀်၊
၇။ အဋ္ဌကထာ ဧက္ကနိပတ် အင်္ဂုတ္တိုဝ်၊
၈။ အဋ္ဌကထာ ဒုက်တိတ် စတု နိ ပတ် အဂုင်္တ္တိုဝ်၊
၉။ အဋ္ဌကထာ ပည္စာဒိ အဂုင်္တ္တို၀်၊
၁၀။ ဋီဂါ အဂုင်္တ္တို၀်ကြီ၊
၁၁။ ဋီဂါ အဂုင်္တ္တို၀်ငယ်၊ အဂုင်္တ္တိုဝ်ကျံ ၁၁ [တက်နွယ် ၄၅-၄၇]

ဤမှတ်တမ်းအရ အင်္ဂုတ္တိုရ် ၁၁ကျမ်းဖေါ်ပြချက်သည် ရှင်းသွားသည်။ ပါဠိတော်ကို ၆ထုပ် ထုပ်သည်။ ၆ကျမ်းဖြစ်သည်။ အဋ္ဌကထာကို ၃ထုပ် ထုပ်သည်။ ၃ကျမ်းဖြစ်သည်။ ဋီကာကို ၂ထုပ် ထုပ်သည်။ ၂ကျမ်းဖြစ်သည်။ သို့ဖြစ်၍ စုပေါင်း ၁၁ထုပ်၊ ၁၁ကျမ်းဖြစ်၍ အင်္ဂုတ္တိုရ် ၁၁ကျမ်းဟုဆိုသည်။ ဤအချက်ကိုအခြေခံ၍ အထက်ဖေါ်ပြပါ အင်္ဂုတ္တိုရ် ၁၀ကျမ်းကိုလည်း ရေတွက်နိုင်သည်။ ဤ၁၀ကျမ်းတွင် အင်္ဂုတ္တိုရ်နှစ်ကျမ်းအနက် တစ်ကျမ်းဖြစ်သည့်  အင်္ဂုတ္တိုရ်ဋီကာကြီး မပါရှိသေးဟု ယူဆနိုင်သည်။
-----------------

ဋီကာငယ် ခေါ် ဋီကာဟောင်းပါဌ်နှင့် ဋီကာကြီး သို့မဟုတ် ဋီကာသစ် ခေါ် ဋီကာသစ်ကြီးပါဌ်
ဤနေရာ၌ ဋီကာကြီး၊ ဋီကာငယ်ပြဿနာများ ရှုပ်ထွေးမှုရှိနေ၍ ရှင်းလင်းရန်လိုအပ်သည်။ ဤနေရာ၌ အကြီးဆိုသည်မှာ ပထမအရင်ပေါ်ပေါက်၍ အကြီးဟုခေါ်ခြင်းမဟုတ်ကြောင်းကိုလည်း သိထားရန်လိုသည်။ ယင်းဋီကာကြီးကိုပင် ဋီကာသစ်ဟုလည်းခေါ်သည်။ ပိဋကတ်တော်သမိုင်းတွင် “ဧကဂုင်္တ္တရဋီကာသစ်မှာ ရှင်သာရိပုတ္တရာ၊ ရှင်သာရိတနုဇ၊ ရှင်မဟာသာမိပါသာဒ ၃မည်ရသောမထေရ် ပြုသည်။ အင်္ဂုတ္တရနိကာယ် ၁၁ကျမ်း ဋီကာသစ်ကြီးကိုလည်း သာရတ္ထမဉ္ဇူသာဋီကာ အမည်မှည့်သည်။ မဟာဋီကာလည်း ခေါ်သည်” [ပိမိုင်း နှာ ၁၅၆] ဟု ဆိုသည်။ အင်္ဂုတ္တိုရ်-ဋီကာကြီးဟု ကြီးတပ်ခေါ်ခြင်းမှာ မဟာဋီကာ၌ မဟာ-ဟူသော အသုံးကြောင့်လည်း ဖြစ်တန်ရာသည်။ အချုပ်အားဖြင့် ဤဋီကာကို မျက်မှောက်ခေတ်တွင် အင်္ဂုတ္တိုရ်ဋီကာဟု သာမန်မျှသာခေါ်နေကြသော်လည်း ပိဋကတ်သမိုင်းတွင် အင်္ဂုတ္တိုရ်ဋီကာကြီး (ဇာတကဝိသောဓနတွင် ဤနာမည်ဖြင့်သာသုံး)၊ အင်္ဂုတ္တိုရ်ဋီကာသစ်၊ အင်္ဂုတ္တိုရ် ဋီကာသစ်ကြီးဟု သုံးနှုံးခဲ့ကြောင်းတွေ့ရသည်။  ဋီကာငယ်မှာ ပိဋကတ်တော်သမိုင်းတွင် ဋီကာဟောင်းဟု မှတ်တမ်းတင်ထားပြီး ရေးသားသူမှာ သီဟိုဠ်ကျွန်း အနုရာဓမြို့အနောက်ဘက် ဗဒရတိတ္ထရကျောင်းနေ ရှင်ဓမ္မပါလဖြစ်သည်ဟု ဖေါ်ပြသည်။ စိတ်၀င်စားစရာအနေဖြင့် “ထိုဋီကာဟောင်းကား ဧကင်္ဂုတ္တရ၊ ဒုကင်္ဂုတ္တရ၊ တိကင်္ဂုတ္တရ ၃ကျမ်းသာအဖွင့်ဋီကာဟောင်းရှိသည်။ ကျန် စတုကင်္ဂုတ္တရ၊ ပဉ္စ … ဧကာဒသ င်္ဂုတ္တရတိုင် အဖွင့်ဋီကာဟောင်း၈စောင်ကား ယခု မြန်မာတိုင်းနိုင်ငံတွင် မရှိဟုမှတ်လေ” [ပိမိုင်း နှာ ၁၅၅]ဟု မှတ်ချက်ပြုသည်။ လက်ရှိအချိန်တွင် ပုံနှိပ်အနေဖြင့် ထွက်ဖူး၊ မထွက်ဖူးမသိရသော်လည်း ပေမူအနေဖြင့် အင်္ဂုတ္တိုရ်ဋီကာဟောင်းပါဌ် (တဗစ ၂၀၅၃၊ ၁၀၀၉၅)၊ အဂုင်္တ္တိုရ်နိပါတ်၃တွဲ (တဗစ ၁၁၂၇၅)ဟူ၍ ရှိနေသေးသည်။
-------------------

ညောင်ရမ်းခေတ်မှတ်တမ်းများ (၁၅၉၉ - ၁၇၅၂ အေဒီ)
၁။ ဇိန၀စနနာမာဘိဓေယျဒီပနီ (၁၆၈၂ အေဒီ)
(၁) ဧက္က ဒုက္က တိက္ကနိပါတ် အင်္ဂုတ္ထိုရ်သည် ယ္ခုအခါ၌ မှင်ငါးကြောင်းရေးသောပေဖြင့် လေးဆယ် လေးအင်္ဂါနှင့် နှစ်ချပ်ရှိ၏။ 
(၂) စတုက္ကနိပါတ် အင်္ဂုတ္ထိုသည် ယ္ခုအခါ၌ မှင်ငါးကြောင်းရေးသောပေဖြင့် နှစ်ဆဲ့သုံးအင်္ဂါနှင့် နှစ်ချပ်ရှိ၏။
(၃) ပဉ္စနိပါတ် အဂုင်္တ္ထိုသည် ယ္ခုအခါ မှင်ငါးကြောင်း ရေးသောပေနှင့် အင်္ဂါနှစ်ဆယ်ရှိ၏။
(၄) ဆ သတ္တနိပါတ် အင်္ဂုတ္ထိုရ်သည် ယခုအခါ မှင်ငါးကြောင်းရေးသောပေဖြင့် အင်္ဂါနှစ်ဆယ်ရှိ၏။
(၅) အဋ္ဌနိပါတ် န၀ အင်္ဂုတ္ထိုရ်သည် ယ္ခုအခါ မှင်ငါးကြောင်းရေးသောပေဖြင့် နှစ်ဆဲ့ခုနှစ်အင်္ဂါနှင့် နှစ်ချပ်ရှိ၏။
(၆) ဒသ ဧကာဒသနိပါတ် အင်္ဂုတ္ထိုရ်သည် ယ္ခုအခါ မှင်ငါးကြောင်းရေးသောပေဖြင့် ခုနှစ်အင်္ဂါနှင့် နှစ်ချပ်ရှိ၏။ ဤသို့လျှင် တဆဲ့တပါးသောနိပါတ်တို့ကို ကျမ်းအယုတ်ဖွဲ့သောအားဖြင့် ချောံကျမ်း ချောံသုတ်ဖြစ်သတည်း။ [ဇိန ဓ ၀မ်း ကြောင်း ၁၀။ ဓ ကျော ကြောင်း ၁၊ ၂၊ ၃]
(၇) ဧကနိပါတ် အင်္ဂုတ္တိုရ်အဋ္ဌကထာ
(၈) ဒုက တိက စတုက္ကနိပါတ် အင်္ဂုတ္တိုရ်အဋ္ဌကထာ။
(၉) ပဉ္စာဒိနိပါတ် အင်္ဂုတ္တိုရ် အဋ္ဌကထာအားဖြင့် အဂုင်္တ္တိုရ်နိကာယ် အဋ္ဌကထာသုံကျမ်း။ [ဇိန နာ ၀မ်း ကြောင်း ၈၊ ၉]

၂။ ဂန္ထာစရိယ (၁၆၈၁ - ၁၆၈၅ အေဒီ)
(၁) ဧက္ကနိပါတ်၊ ဒုက္ကနိပါတ်၊ တိက္ကနိပါတ် အဂုင်္တ္တိုရ်။
(၂) စတုက္ကနိပါတ်အဂုင်္တ္တိုရ်။
(၃) ပဉ္စကနိပါတ်အင်္ဂုတ္တိုရ်။
(၄) ဆက္က၊ သတ္တကနိပါတ်အင်္ဂုတ္တိုရ်။
(၅) အဋ္ဌ၊ န၀နိပါတ်အင်္ဂုတ္တိုရ်။
(၆) ဒသ၊ ဧကာဒသနိပါတ်အင်္ဂုတ္တိုရ်။ <?၆>ကျမ်းတို့သည်လဉ် သုတ်ပါဠိတော်မည်ကုန်၏။ [ဂန္ထာစရိယ ပေါ် ၀မ်း ၈၊ ၉။ ပေါ် ကျော ၁]
(၇) ဧက္ကနိပါတ်အင်္ဂုတ္တိုရ်အဋ္ဌက္ထါ။
(၈) ဒုက္ကနိပါတ်၊ တိက္ကနိပါတ်၊ စတုက္ကနိပါတ်အင်္ဂုတ္တိုရ်အဋ္ဌက္ထာ။
(၉) ပဉ္စာဒိနိပါတ်အင်္ဂုတ္တိုရ်အဋ္ဌက္ထာ။ [ပံ ၀မ်း ၁-၂]
(၁၀) အင်္ဂုတ္တိုရ်ဋီကာကြီး။
(၁၁) ၄င်္းဋီကာငယ်။ [ပံ ကျော ၃]

၃။ နေမိန္ဒရဂန္ထာစရိယ (၁၆၈၁ - ၁၆၈၅ အေဒီ)
(၁) ဧကနိပါဒ်၊ ဒုဂ္ဂ၊ တိက အင်္ဂုတ္တို၀်ရ။
(၂) စတုက္ကနိပါဒ် အင်္ဂုတ္ထိုဝ်ရ။
(၃) ပည္စနိပါဒ် အဂုင်္တ္ထို၀်ရ။
(၄) ဆ၊ သတ္တနိပါဒ် အဂုင်္တ္ထို၀်ရ။
(၅) အဋ္ဌ၊ န၀နိပါဒ် အဂုင်္တ္ထို၀်ရ။
(၆) ဒသ၊ ဧကာဒသနိပါဒ် အဂုင်္တ္ထို၀်ရ။ [နေမိန္ဒရ ကော် ကျော ၆-၇]
(၇) ဧကနိပါတ်အင်္ဂုတ္တို၀်ရအဋ္ဌကထာ။
(၈) ဒုဂ္ဂ၊ တိက၊ စတုကနိပါဒ် အင်္ဂုထို၀်ရ အဋ္ဌကထာ။
(၉) ပည္စာဒိနိပါဒ် အင်္ဂုထို၀်ရ အဋ္ဌကထာ။ [ကူ ၀မ်း ၁-၂]
(၁၀) အင်္ဂုင်္တထို၀်ရဠီကာကြီး
(၁၁) အင်္ဂုတ္ထုဝ်ရဠီကာငယ် [ကေ ကျော ၂-၃]

၄။ ပိဋကတ်သမိုင်းမော်ကွန်းမှံ (၁၇၄၃ အေဒီ)
(၁) ဧက္ကနိပါတ်၊ ဒုက္ကနိပါတ်၊ တိက္ကနိပါတ်၊ အင်္ဂုတ္တိုရ်ပါဠိတော် သင်္ဂါယနာ၀င်။
(၂) စတုက္ကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် သင်္ဂါယနာ၀င်။
(၃) ပဉ္စနိပါတ်အင်္ဂုတ္တိုရ်ပါဠိတော်သင်္ဂါယနာ၀င်။
(၄) ဆက္ကနိပါတ်၊ သတ္တနိပါတ်အင်္ဂုတ္တိုရ်ပါဠိတော် သင်္ဂါယနာ၀င်။
(၅) အဋ္ဌနိပါတ်၊ န၀နိပါတ်အဂုင်္တ္တိုရ်ပါဠိတော် သင်္ဂါယနာ၀င်။
(၆) ဒသနိပါတ်၊ ဧကာဒသနိပါတ်အင်္ဂုတ္တိုရ်ပါဠိတော် သင်္ဂါယနာ၀င်။ ဤပါဠိတော်ချောံကျမ်းကို သဗ္ဗညုဘုရားဟောတော်မူသဉ်။ ပေါင်း၆ကျမ်း။ [ပိဋကတ်မော်မှံ ကိ ၀မ်း ၅-၇]
(၇) ဧက္ကနိပါတ် အင်္ဂုတ္တိုရ်အဋ္ဌကထာ၊
(၈) ဒုက္ကနိပါတ်၊ တိက္ကနိပါတ်၊ စတုက္ကနိပါတ် အင်္ဂုတ္တိုရ် အဋ္ဌကထာ။
(၉) ပဉ္စာဒိနိပါတ် အင်္ဂုတ္တိုရ် အဌကထာ။
(၁၀) အင်္ဂုတ္တိုရ်ဋီကာကြီး၊
(၁၁) အင်္ဂုတ္တိုရ်ဋီကာငယ်၊ … သုတ္တံမျိုးအင်္ဂုတ္တိုရ် နိကာယ်၁၁ကျမ်း။ [ကိ ၀မ်း ၇-၈]

ညောင်ရမ်းခေတ်သမိုင်းမှတ်တမ်း၄ခု (၁၆၈၁-၁၇၄၃ထိ)အရ ပါဠိတော် ၆ကျမ်း၊ အဋ္ဌကထာ ၃ကျမ်း၊ ဋီကာ ၂ကျမ်းဟူသော အင်္ဂုတ္တိုရ် ၁၁ကျမ်းကို ထပ်၍အတည်ပြုသည်။ ထူးခြားချက်အနေဖြင့် ဇိန၀စနနာမာဘိဓေယျဒီပနီတွင် ပေကြောင်းရေ၊ အင်္ဂါများကိုပါ ပြခြင်းဖြစ်သည်။ ဤအချက်သည် ၆ကျမ်း၊ ၆ထုပ် ထုပ်ကြောင်းကို ပို၍ခိုင်မာစေသည်။ ပုဂံခေတ်ကစတင်ခဲ့သည့် ပါဠိတော် ၆ကျမ်း၊ ၆ထုပ်၊ အဋ္ဌကထာ ၃ကျမ်း၊ ၃ထုပ်စသောမူဝါဒကို ဆက်လက်ထိန်းသိမ်းထားသည်။
---------

ကုန်းဘောင်ခေတ် (၁၇၅၂ - ၁၈၈၅ အေဒီ)
၁။ ပိဋကတ်ကြေးမုံ (၁၈၃၂ အေဒီ)
(၁) ဧကအင်္ဂုတ္တရပါဠိတော် (၉ကြောင်းပေဖြင့် ၉အင်္ဂါ) (က-စျား)
(၂) ဒုကအင်္ဂုတ္တရပါဠိတော် (၉ကြောင်းပေဖြင့် ၁အင်္ဂါနှင့်၁၀ချပ်) (က-ခေါ်)
(၃) တိကအင်္ဂုတ္တရပါဠိတော် (၉ကြောင်းပေဖြင့် ၇အင်္ဂါ) (က-ဆား)
(၄) စတုက္ကအင်္ဂုတ္တရပါဠိတော် (၉ကြောင်းပေဖြင့် ၁၀အင်္ဂါနှင့် ၅ချပ်) (က-ဆား)
(၅) ပဉ္စကအင်္ဂုတ္တရပါဠိတော် (၉ကြောင်းပေဖြင့် ၉အင်္ဂါနှင့်၆ချပ်) (က-ညူ)
(၆) ဆက္ကအင်္ဂုတ္တရပါဠိတော် (၉ကြောင်းပေဖြင့် ၆အင်္ဂါနှင့်၇ချပ်) (က-ဆေ)
(၇) သတ္တအင်္ဂုတ္တရပါဠိတော် (၉ကြောင်းပေဖြင့် ၅အင်္ဂါနှင့် ၆ချပ်) (က-စူ)
(၈) အဌကအဂုင်္တ္တရပါဠိတော် (၉ကြောင်းပေဖြင့် ၆အင်္ဂါနှင့်၈ချပ်) (က-ဆဲ)
(၉) န၀ကအဂုင်္တ္တရပါဠိတော် (၉ကြောင်းပေဖြင့် ၉အင်္ဂါနှင့်၄ချပ်) (က-ညီ)
(၁၀) ဒသကအဂုင်္တ္တရပါဠိတော် (၉ကြောင်းပေဖြင့် ၂အင်္ဂါနှင့်၂ချပ်) (က-ဂါ)
(၁၁) ဧကာဒသကအင်္ဂုတ္တရပါဠိတော် (၉ကြောင်းပေဖြင့် ၂အင်္ဂါ) (က-ခါး) [ကြေးမုံ ကော်လံ ၁]

(၁၂) ဧကအင်္ဂုတ္တရအဌကထာပါဌ် (၉ကြောင်းပေဖြင့် ၁၈အင်္ဂါနှင့် ၂ချပ်) (က-ဓာ)
(၁၃) ဒုကအင်္ဂုတ္တရ အဌကထာပါဌ် (၉ကြောင်းပေဖြင့် ၂အင်္ဂါနှင့်၉ချပ်) (က-ဂေါ်)
(၁၄) တိကအင်္ဂုတ္တရ အဌကထာပါဌ် (၉ကြောင်းပေဖြင့် ၇အင်္ဂါနှင့် ၂ချပ်) (က-ဇာ)
(၁၅) စတုက္ကအင်္ဂုတ္တရ အဌကထာပါဌ် (၉ကြောင်းပေဖြင့် ၆အင်္ဂါနှင့် ၆ချပ်) (က-ဆူ)
(၁၆) ပဉ္စကအင်္ဂုတ္တရ အဌကထာပါဌ် (၉ကြောင်းပေဖြင့် ၃အင်္ဂါနှင့်၉ချပ်) (က-ဃော)
(၁၇) ဆက္ကအင်္ဂုတ္တရ အဌကထာပါဌ် (၉ကြောင်းပေဖြင့် ၂အင်္ဂါနှင့်၇ချပ်) (က-ဂေ)
(၁၈) သတ္တအင်္ဂုတ္တရ အဌကထာပါဌ် (၉ကြောင်းပေဖြင့် ၂အင်္ဂါနှင့် ၉ချပ်) (က-ဂေါ)
(၁၉) အဌကအဂုင်္တ္တရ အဌကထာပါဌ် (၉ကြောင်းပေဖြင့် ၆အင်္ဂါနှင့်၈ချပ်) (က-ဂဲ)
(၂၀) န၀ကအဂုင်္တ္တရ အဌကထာပါဌ် (၉ကြောင်းပေဖြင့် ၁အင်္ဂါနှင့်၄ချပ်) (က-ခီ)
(၂၁) ဒသကအဂုင်္တ္တရ အဌကထာပါဌ် (၉ကြောင်းပေဖြင့် ၁အင်္ဂါနှင့်၂ချပ်) (က-ခါ)
(၂၂) ဧကာဒသကအင်္ဂုတ္တရ အဌကထာပါဌ် (၉ကြောင်းပေဖြင့် ၁အင်္ဂါ ၂ချပ်) (က-ခါ) [ကြေးမုံ ကော်လံ ၂]

(၂၃) ဧကအင်္ဂုတ္တရ ဋီကာပါဌ် (၉ကြောင်းပေဖြင့် ၁၃အင်္ဂါနှင့် ၉ချပ်) (က-ဎော)
(၂၄) ဒုကအင်္ဂုတ္တရ ဋီကာပါဌ် (၉ကြောင်းပေဖြင့် ၃အင်္ဂါနှင့်၄ချပ်) (က-ဃီ)
(၂၅) တိကအင်္ဂုတ္တရ ဋီကာပါဌ် (၉ကြောင်းပေဖြင့် ၆အင်္ဂါနှင့် ၅ချပ်) (က-ဆ)
(၂၆) စတုက္ကအင်္ဂုတ္တရ ဋီကာပါဌ် (၉ကြောင်းပေဖြင့် ၈အင်္ဂါနှင့် ၄ချပ်) (က-စျီ)
(၂၇) ပဉ္စကအင်္ဂုတ္တရ ဋီကာပါဌ် (၉ကြောင်းပေဖြင့် ၃အင်္ဂါနှင့်၅ချပ်) (က-ဃု)
(၂၈) ဆက္ကအင်္ဂုတ္တရ ဋီကာပါဌ် (၉ကြောင်းပေဖြင့် ၃အင်္ဂါနှင့်၆ချပ်) (က-ဃူ)
(၂၉) သတ္တအင်္ဂုတ္တရ ဋီကာပါဌ် (၉ကြောင်းပေဖြင့် ၃အင်္ဂါနှင့် ၇ချပ်) (က-ဃေ)
(၃၀) အဌကအဂုင်္တ္တရ ဋီကာပါဌ် (၉ကြောင်းပေဖြင့် ၁အင်္ဂါနှင့်၁၀ချပ်) (က-ခေါ်)
(၃၁) န၀ကအဂုင်္တ္တရ ဋီကာပါဌ် (၉ကြောင်းပေဖြင့် ၁အင်္ဂါနှင့်၇ချပ်) (က-ခဲ)
(၃၂) ဒသကအဂုင်္တ္တရ ဋီကာပါဌ် (၉ကြောင်းပေဖြင့် ၂အင်္ဂါနှင့်၁၀ချပ်) (က-ဂေါ်)
(၃၃) ဧကာဒသကအင်္ဂုတ္တရ ဋီကာပါဌ် (၉ကြောင်းပေဖြင့် ၄အင်္ဂါ ၁၀ချပ်) (က-ခါ)
(၃၄) အင်္ဂုတ္တရဋီကာငယ်ပါဌ် (၉ကြောင်းပေဖြင့် ၇အင်္ဂါနှင့်၄ချပ်) (က-ဇီ) [ကြေးမုံ ကော်လံ ၃]

၂။ ပိဋကတ်သုံးပုံမှန်တော်စဉ် (၁၈၂၀ - ၁၈၅၀ အေဒီ)
ဤကျမ်းသည် ပိဋကတ်မာတိကာသဘောမျိုးဖြစ်၍ ပါဠိတော်ကိုသာဖေါ်ပြသည်။
(၁) ဧက္က၊ ဒုက္က၊ တိက္က၊ စတုက္ကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် (၉ကြောင်းပေဖြင့် ၂၃အင်္ဂါနှင့် ၄ချပ်) (က-ဘီ)
(၂) ပဉ္စက၊ ဆက္က၊ သတ္တကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် (၉ကြောင်းပေဖြင့် ၂၁အင်္ဂါနှင့် ၁၀ချပ်) (က-ဖေါ်)
(၃) အဋ္ဌ၊ န၀၊ (ဒသ၊) ဧကာဒသနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် (၉ကြောင်းပေဖြင့် ၂၂အင်္ဂါနှင့် ၁၀ချပ်) (က-ဗေါ်)
--------------

သုံးသပ်ချက်
အထက်ပါကုန်းဘောင်ခေတ်မှတ်တမ်းအရ ပုဂံခေတ်ကစတင်လာခဲ့သော ပိဋကတ်ကျမ်း ထုပ်ပိုးပုံ၊ ရေတွက်ပုံသည် ပုံစံပြောင်းသွားသည်။ ပါဠိတော်၆ကျမ်း၊ ၆ထုပ်စနစ်သည် ကုန်းဘောင်ခေတ်တွင် ပါဠိတော် ၁၁ထုပ်၊ ၁၁ကျမ်း (ပေထုပ်တိုင်း က-စာမျက်နှာက စသည်ကိုသတိပြုပါ) ဟူ၍သော်လည်းကောင်း၊ သုံးကျမ်း၊ သုံးထုပ်ဟူ၍သော်လည်းကောင်း ပုံစံပြောင်းသွားသည်။ ဤနောက်ဆုံးပုံစံသည် မျက်မှောက် ခေတ်နှင့်ရေတွက်ထုပ်ပိုးပုံတူညီနေပြီး ပဉ္စမူ၊ ဆဋ္ဌမူပုံနှိပ်မူများတွင် ၃အုပ်စီစဉ်ထားသည်။ ထိုသို့စီစဉ်ရာတွင် ဧကမှစတုက္ကနိပါတ်အထိတစ်ပိုင်း၊ ပဉ္စကမှ သတ္တကနိပါတ် အထိတစ်ပိုင်းနှင့် အဋ္ဌကမှဧကာဒသက အထိတစ်ပိုင်း သုံးပိုင်းပိုင်း၍စီစဉ်ထားပုံမှအစ တူညီသည်။ ဤအထောက်အထားများသည် ပိဋကတ်မှတ်တမ်း အထောက်အထားများအရဖြစ်သည်။ လက်တွေ့အထောက်အထားအနေဖြင့် လက်လှမ်းမှီသည့် ဘိုးတော်ဘုရားလက်ထက် (၁၇၈၂ အေဒီ) နှင့်ယင်းနောက်ပိုင်းပေမူများကိုစီစစ်ကြည့်ရာ များသောအားဖြင့် စတုက္ကနိပါတ်သည် ထုပ်ပိုးမှုအရ ရှေ့သုံးပိုင်းနှင့်ပေါင်းစပ်နေပြီး ပဉ္စကနိပါတ်သည် ရှေ့စတုက္ကနိပါတ် စသည်နှင့်ရော၊ နောက်ဆက္ကနိပါတ်စသည်နှင့်ပါ ရောထွေးနေသည်။ အလားတူ ဆက္ကနိပါတ်နှင့် သတ္တနိပါတ်သည်လည်း ရှေ့ပဉ္စကနိပါတ်နှင့်ရော၊ နောက် အဋ္ဌနိပါတ်စသည်နှင့်ပါ ရောထွေးနေးသည်ကို တွေ့ရသည်။ ထို့ပြင် အဋ္ဌမှဧကာဒသမအထိနိပါတ်များသည်လည်း ရှေ့ဆက္က၊ သတ္တနိပါတ်တို့နှင့်ရောထွေး နေပြန်သည်။ ဤဖြစ်စဉ်သည် ပုဂံခေတ်မှစတင်၍ ညောင်ရမ်းခေတ်ပေမူများအထိ ပေမူမျိုးရိုးစဉ်ဆက် (manuscript lineage) လိုက်ရာတွင် ရှင်းလင်းမှုရှိသည်ကို တွေ့မြင်ရပြီး ကုန်းဘောင်ခေတ်တွင် ထုပ်ပိုးမှု ပုံစံ ၂မျိုး၊ ၃မျိုးပြောင်းသွားသည့်အတွက် ရှုပ်ထွေးသွားသည်ကိုတွေ့လာရသည်။ နှောင်းခေတ် ကူးယူလက်ဆင့်ကမ်းရာတွင် ပါဠိတော်၆ထုပ်ကဖြစ်စေ၊ ၁၁ထုပ်ကဖြစ်စေ၊ ၃ထုပ်ကဖြစ်စေ၊ တိုက်ဆိုင်ညှိနှိုင်း၍ ဖြစ်စေ ကူးယူနိုင်ချေရှိသည်။ ဤဖြစ်စဉ်သည် လက်ဆင့်ကမ်းမှုများလာသောအခါ ရောထွေးလာသည်။ သို့ဖြစ်၍ အင်္ဂုတ္တိုရ်နှင့်ပတ်သက်၍ family tree တည်ဆောက်ရာတွင် အခြားဒီဃနိကာယ်၊ မဇ္ဈိမနိကာယ်တို့ကဲ့သို့ ကျမ်းတစ်ကျမ်းတည်းကို ဆုပ်ကိုင်ထား၍မရနိုင်ဘဲ အင်္ဂုတ္တိုရ်ပါဠိတော်၆ကျမ်း သို့မဟုတ် ပါဠိတော်၁၁ကျမ်း သို့တည်းမဟုတ် ပါဠိတော်၃ကျမ်းဟူသောခွဲစိတ်ထုပ်ပိုးမှုများအပေါ်တွင် ဟန်ချက် ညီအောင်ထိန်းလျက် ဥဒ္ဒါနဂါထာများ၊ ပေယျလပိုင်းဖြတ်ပုံများ၊ ခေတ်အဆက်ဆက်တည်းဖြတ် ဆရာတော်များ၏ သုတ်တစ်ခုအစ stereo type စာပိုဒ်များနှင့်ပတ်သက်၍ပုံစံချမှုများကို ထည့်သွင်းစဉ်းစားခြင်းဖြင့် လုပ်ဆောင်ရန်လိုအပ်သည်။